ကျေးရွာမီးလင်းရေးကော်မတီကို မကျေနပ်သဖြင့် ဒေသခံများ ဆန္ဒထုတ်ဖော်

ကျေးရွာမီးလင်းရေးကော်မတီကို မကျေနပ်သဖြင့် ဒေသခံများ ဆန္ဒထုတ်ဖော်
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ဒီဇင်ဘာ ၁၅ ။              ။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိအမှတ်ပြုဖွဲ့စည်းပေးသည့် ကျေးရွာမီးလင်းရေးကော်မတီကို မကျေနပ်သဖြင့် ဒေသခံများက ဒီဇင်ဘာလ ၁၅ ရက်၊နံနက် ၁၀ နာရီက မြောင်မြို့ပေါ်တက်ကာ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊မြောင်မြို့နယ်၊ကင်းရွာမှ တရားဝင်ဖျက်သိမ်းထားသည့် ကျေးရွာမီးလင်းရေး ကော်မတီကို တိုင်းအစိုးရအဖွဲ့ ညွှန်ကြားချက်ဖြင့် မြို့နယ်မှ ပြန်လည်ခန့်အပ်လိုက်သည်ကို မကျေနပ် သောကြောင့် ယခုကဲ့သို့ ကန့်ကွက်ဆန္ဒပြခြင်းဖြစ်သည်ဟု ဦးဆောင်သူများကဆိုသည်။

ကျေးရွာမီးလင်းရေးကော်မတီကို အောက်တိုဘာလ ၇ ရက်နေ့က တရားဝင်ဖျက်သိမ်းခဲ့ပြီး ၎င်းဖျက်သိမ်း ပြီးသော မီးလင်းရေးကော်မတီကိုပင် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပြန်လည်ခန့်အပ်တာဝန်ပေးလိုက်သဖြင့် ဒေသခံအများစု မကျေနပ်ခြင်းဖြစ်သည်ဟု ဆန္ဒပြသူများကဆိုသည်။

"ကျွန်တော်တို့ ရွာသူ ရွာသားတွေ ဆန္ဒနဲ့ ကော်မတီကို ဖွဲ့ပေးဖို့တောင်းဆိုတာပါ။အစိုးရအဖွဲ့က သေချာ အောက်ခြေကိုမဆင်းဘဲနဲ့ အခုလိုလုပ်တာကို မကျေနပ်ပါဘူး။ပြည်သူ့အစိုးရအနေနဲ့ပြည်သူအသံ နားထောင်ဖို့ လိုပါတယ်။"ဟု ဆန္ဒပြပွဲ ဦးဆောင်သူ ဦးကျော်ဝေက ပြောသည်။

ဆန္ဒပြသူများသည် တရားဝင်ဖျက်သိမ်းပြီးသော မီးလင်းရေးကော်မတီအား ပြန်လည်ခန့်အပ်ခြင်း အလိုမရှိ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ကျေးရွာနေ ပြည်သူလူထုဆန္ဒဖြင့် မီးလင်းရေးကော်မတီ အသစ်ပြန်လည် ဖွဲ့စည်း ပေးရေး တို့အရေး စသည့် ကြွေးကြော်သံများဖြင့် မြောင်မြို့အတွင်း ချီတက်ခဲ့ကြသည်။

"ကျွန်တော်တို့ အသစ်ဖွဲ့ဖို့ လုပ်နေစဉ်မှာပဲ အစိုးရအဖွဲ့ကနေ ဖျက်သိမ်းထားတဲ့ ကော်မတီကို ပြန်တာဝန် ပေးလိုက်တယ်။အကောင်းဆုံးကတော့ ပြည်သူ့ဆန္ဒနဲ့အညီ အသစ်ဖွဲ့ပေးလိုက်ရင် အဆင်ပြေ သွားမယ်။"ဟု ကင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆွေက ပြောသည်။

ကျေးရွာနေပြည်သူလူထု၏ ဆန္ဒနှင့်အညီ ကျေးရွာမီးလင်းရေးကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းမပေးပါက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့တွင် သွားရောက်၍ ဆန္ဒပြတောင်းဆိုမှုများ ဆက်လက်လုပ်ဆောင် သွားမည်ဟု ဆန္ဒပြသူများကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly