ချန်ပီယံလိဂ်သမိုင်းမှာ အဆိုးရွားဆုံး အိမ်ကွင်းရှုံးပွဲအတွက် တာဝန်ယူတယ်လို့ နည်းပြ ဆိုလာရီ ပြော

ချန်ပီယံလိဂ်သမိုင်းမှာ အဆိုးရွားဆုံး အိမ်ကွင်းရှုံးပွဲအတွက် တာဝန်ယူတယ်လို့ နည်းပြ ဆိုလာရီ ပြော
Photo: EPA

ရီးယဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ စီအက်စ်ကေအေ မော်စကိုအသင်းကို ဘာနေဗျူးကွင်းမှာ ၃ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ကလပ်အသင်းရဲ့ ဥရောပပွဲပြိုင်ပွဲတွေမှာ အဆိုးဝါးဆုံး အိမ်ကွင်းရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရတာပဲဖြစ်ပါတယ်။

ဒီရှုံးပွဲအတွက် နည်းပြဖြစ်သူ ဆန်တီယာဂို ဆိုလာရီကတော့ သူ့မှာ တာဝန်ရှိတယ်လို့ လက်ခံသွားပါတယ်။

ရီးယဲလ်အသင်းဟာ နောက်တစ်ဆင့်ကို အုပ်စုပထမနဲ့ တက်ပြီးသားဖြစ်တာကြောင့် နည်းပြ ဆိုလာရီက အဓိက ကစားသမားတွေကို အနားပေးခဲ့ပြီး လူငယ်ကစားသမားအချို့ကို ချန်ပီယံလိဂ်အတွေ့အကြုံရအောင် ပွဲထုတ်သွားခဲ့ပါတယ်။

“ဒီရလဒ်ကြောင့် ကျနော် ဝမ်းနည်းနေပါတယ်။ ကျနော်တို့ စွန့်စားမှုတွေ ပြုလုပ်ခဲ့တယ်။ ပွဲဟာ ကွားပြားခြားသွားခဲ့သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခွန်အားပေါ်မှာ မူတည်လို့ပါ။ ကျနော်တို့ ဘယ်နေရာမှာမှ မာကျောမှုမရှိခဲ့ဘူး။ ဒုတိယပိုင်းဆိုရင် ကျနော် မနှစ်သက်ပါဘူး။ ဒီလို လူစာရင်းကို ပွဲထုတ်ပြီး စွန့်စားခဲ့တာကြောင့် အသင်းအတွက် ကျနော် တာဝန်ခံပါတယ်။ လူငယ်တွေ အတွေ့အကြုံလိုအပ်ပြီး ကစားသမားတစ်ချို့ဟာ အနားပေးဖို့ လိုအပ်ပါတယ်။ ကျနော်တို့ ဒီလို ရလဒ်မျိုးကိုတော့ မနှစ်သက်ပါဘူး။ ကျနော်တို့မှာ နိုင်ပွဲရဖို့ ယုံကြည်မှုရှိခဲ့ပါတယ်။”

လာလီဂါပြိုင်ပွဲမှာ အီဘာအသင်းကို အဝေးကွင်းမှာ ၃-၀ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ်ခဲ့တဲ့ ဆိုလာရီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း စီအက်စ်ကေအေကို အိမ်ကွင်းမှာပဲ ၃-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တာက ပိုမိုဆိုးရွားစေခဲ့တာဖြစ်ပါတယ်။

စီအက်စ်ကေအေဟာ ဒီရာသီချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ရီးယဲလ်အသင်းကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး အနိုင်ကစားခဲ့ပေမယ့် ရုရှားကလပ်ကတော့ အုပ်စု နောက်ဆုံးနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် မဲခွဲမှုကို ဒီဇင်ဘာ ၁၇ ရက်မှာ ဆွစ်ဇာလန်နိုင်ငံ၊ နိုင်ယွန်မြို့ရှိ ယူအီးအက်ဖ်အေအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly