တက္ကသိုလ်များတွင် ကျောင်းသားများ လုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် တောင်းဆိုမည်

By စည်သူမောင်မောင်မောင်
10 December 2018
တက္ကသိုလ်များတွင် ကျောင်းသားများ လုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် တောင်းဆိုမည်

ပုသိမ်၊ ဒီဇင်ဘာ ၁၀ ။             ။ မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေသော ကျောင်းသားများအနေဖြင့် လုံခြုံစွာပညာ သင်ကြား နိုင်ရေးအတွက် တောင်းဆိုသွားမည်ဟု ရတနာပုံဆိုက်ဘာစီးတီးမှ ကျောင်းသားသမဂ္ဂမှဥက္ကဋ္ဌက ပြောဆို လိုက်သည်။

ပြင်ဦးလွင်ခရိုင်၊ ပြင်စာကျေးရွာရှိ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး) မှ ဒုတိယနှစ် ကျောင်းသား နှင့် ကျောင်းသူတို့ဆိုင်ကယ်ရိုက်နှက်လုယက်ခံရသဖြင့် ကျောင်းသားတစ်ဦး သေဆုံးမှုတစ်ခု ဒီဇင်ဘာလ ၆ရက်က ဖြစ်ပွားခဲ့သည်။

“ဖြစ်တဲ့နေ့ကတည်းက ဆေးရုံကိစ္စတွေဘာတွေ လိုက်လုပ်ပေးရင်း တပြိုင်နက်တည်း ကြေညာချက် ထုတ်ပြန် ခဲ့တယ်။ပထမဆုံး ကျွန်တော်တို့ တောင်းဆိုတာက လက်ရှိ အမှုအခင်းအတွက်  တရားခံဖမ်းဆီးရမိရေးကို အရင်ဆုံး တောင်းဆိုထားတယ်။တရားခံဖမ်းဆီးရမိသွားရင် ဥပဒေအတိုင်းတရားစီရင်ရေးကို တောင်းဆို ထားတယ်။ ဒီနေရာမှာ စတေးလိုက်ရတယ်။ အသက်ပေးဆပ်လိုက်ရတယ်။ အဲ့ဟာရဲ့ နောက်ဆက်တွဲအနေနဲ့ လုံခြုံရေးပေါ့။ တက္ကသိုလ်အဝန်းအဝိုင်းထဲမှာလဲလုံခြုံရေးအတွက် တောင်းဆိုထားတယ်။”ဟု နည်းပညာ တက္ကသိုလ် ရတနာပုံဆိုက်ဘာစီးတီးမှ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ မောင်ခွန်နိုင်ပြည့်ထွန်း ကပြောသည်။

ကျောက်ဆည်၊ မိတ္ထီလာ နှင့် မုံရွာတက္ကသိုလ်များတွင် ဓားထောက်လုယက်မှုများ ဖြစ်ပွားခဲ့ပြီး တစ်နိုင်ငံလုံးရှိ တက္ကသိုလ်ပရဝုဏ်များတွင် ကျောင်းသားများအနေဖြင့် လုံခြုံမှုမရှိဘဲ ပညာသင်ကြားနေရသောကြောင့် အဆိုပါကိစ္စရပ်များအတွက် လုံခြုံရေးယူပေးရန် တောင်းဆိုသွားမည်ဟု သိရသည်။

“ကျွန်တော်တို ့တစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်ပရဝုဏ်အတွင်းမှာ မလုံမခြုံနဲ ့ကျောင်းတက်နေရတယ်။ အဲဒါအတွက် လုံခြုံရေးပေးဖို ့၊စာသင်သား တွေ အေးဆေးစာသင်ကြားဖို ့လုံခြုံရေးတိတိကျကျရှိဖို ့အတွက်ကို နောက်ဆက်တွဲတောင်းဆိုသွားဖို ့ ရှိနေတယ်”ဟု နည်းပညာတက္ကသိုလ်ရတနာပုံဆိုက်ဘာစီးတီး ကျောင်း သားသမဂ္ဂဥက္ကဋ္ဌ မောင်ခွန်နိုင်ပြည့်ထွန်း ကပြောသည်။

ဒီဇင်ဘာ ၆ ရက်နေ့တွင် ဆိုင်ကယ်ရိုက်လုခံရမှုကြောင့် သေဆုံးသွားရသော ရတနာပုံဆိုက်ဘာစီးတီး မှ ဒုတိယနှစ်ကျောင်းသားမောင်ထက်လင်းသန် ့၏ နာရေးကို ကွယ်လွန်သူ၏ ဒေသဖြစ်သော ပုသိမ် မြို့နယ်၊ ကြက်ပေါင်ကျေးရွာတွင် ဒီဇင်ဘာလ၁ဝရက်နေ ့ကပြုလုပ်ခဲ့သည်။

“ဘယ်တုန်းကမှ အခုလို ဖြစ်စဉ်ကြီးကြီးမားမားမျိုး မရှိခဲ့ဘူး။ ဒါပေမယ့် ဆိုင်ကယ်တွေလုတာ ဆိုင်ကယ်တွေ ခိုးတာ အနည်းအကျဉ်းတော့ ရှိခဲ့တယ်။အဲ့လိုအနည်းအကျဉ်းကတည်းက ထိထိရောက်ရောက် မစီမံခဲ့တဲ့ အခါကျတော့ အခုလိုကိစ္စအကြီးကြီး ဖြစ်သွားရတယ်။ ကျောင်းသားတစ်ယောက် စတေးလိုက်ရတဲ့ အနေ အထား ဖြစ်ခဲ့တာပေါ့နော်။ တက္ကသိုလ်တွေအများစုက မြို့ထဲမှာ မရှိတာများတယ်။ မြို့ပြင်မှာ ရှိတဲ့အခါကျတော့ တက္ကသိုလ်ရဲ့ ပတ်ဝန်းကျင်သည် လုံခြုံစိတ်ချမှုနဲ့ အေးအေးချမ်းချမ်းနဲ့ သွားလာ လွယ်ကူတဲ့အနေအထား၊ စိတ်ချလုံခြုံတဲ့အနေအထား ဖြစ်စေချင်တယ်”ဟု ရတနာပုံဆိုက်ဘာစီးတီး မှ မော်ကွန်းထိန်း ဦးစိုးလင်းထိုက် ကပြောသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly