အိမ်အကူဒေါ်ခင်မာမြင့်အမှုတွင် သီဟတင်စိုးကို စတင်စစ်ဆေး

အိမ်အကူဒေါ်ခင်မာမြင့်အမှုတွင် သီဟတင်စိုးကို စတင်စစ်ဆေး

ရန်ကုန်၊ ဒီဇင်ဘာ ၆ ။            ။ ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးက အဓ္ဓမပြုကျင့်ခဲ့သည်ဟု လီဆယ်တိုင်ကြားခဲ့သည့် အိမ်အကူ ဒေါ်ခင်မာမြင့်အမှုအတွက် ဒီဇင်ဘာလ ၆ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် သီဟတင်စိုးကို စတင်စစ်ဆေးခဲ့ပြီး နောက်ရုံးချိန်းကို ဒီဇင်ဘာ ၁၃ ရက်နေ့ကိုပြန်လည် ချိန်းဆိုခဲ့ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဒေါ်ခင်မာမြင့်သည် ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးနေအိမ်တွင် အိမ်အကူလုပ်ရန် ပွဲစားဒေါ်ညို၏ ဆက်သွယ်ပေးမှုကြောင့် ဇူလိုင်လ ၅ ရက်နေ့တွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

သီဟတင်စိုး၏ ဇနီးဖြစ်သူ ဒေါ်ဇင်မာဦးမရှိသည့်အချိန်တွင် သီဟတင်စိုးက သူ့အား အဓမ္မပြုကျင့်သည် ဟုဆိုကာ ပွဲစားဒေါ်ညိုသင်ပြသည့်အတိုင်း လိမ်ညာပြောဆို ကြံစည်၍ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့နောက် ရုပ်ရှင်သရုပ်ဆောင်သီဟတင်စိုးသည် အိမ်အကူဖြစ်သူ ဒေါ်ခင်မာမြင့်အား အလိုမတူဘဲ အဓမ္မ ပြုကျင့်သည်ဟု ဆိုကာ  ဇူလိုင်လ ၁၄ ရက်နေ့ ညပိုင်းတွင် ဒေါ်ခင်မာမြင့်က သုဝဏ္ဏနယ်မြေရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့သည်။

သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် တရားလိုဖြစ်သူ အိမ်အကူဒေါ်ခင်မာမြင့်နှင့် အိမ်အကူပွဲစားဒေါ်ညိုတို့ကို စစ်ဆေးရာမှ လိမ်လည်တိုင်ကြားကြောင်း ပေါ်ပေါက်ခဲ့သောကြောင့် ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန် ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly