ဝေးလံခေါင်ဖျားဒေသများတွင် တာဝန်ထမ်းဆောင်လိုစိတ်ရှိကြရန် ကျောင်းဆရာများကို ဒေါ်စု တိုက်တွန်း

ဝေးလံခေါင်ဖျားဒေသများတွင် တာဝန်ထမ်းဆောင်လိုစိတ်ရှိကြရန် ကျောင်းဆရာများကို ဒေါ်စု တိုက်တွန်း
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဒီဇင်ဘာ ၄ရက်၊ ၂၀၁၈ခုနှစ်)။       ။ သွားလာရခက်ခဲသည့် တိုင်းရင်းသားဒေသများတွင် တာဝန် ထမ်းဆောင်လိုစိတ်ရှိကြရန် အထူးသဖြင့် ငယ်ရွယ်သည့် ကျောင်းဆရာ၊ ဆရာမများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

“ငါတို့ရဲ့ တိုင်းရင်းသားတွေ ဝေးလံခေါင်သီတဲ့နေရာတွေမှာ သွားရလာရ ခက်ခဲတဲ့ နေရာတွေမှာ အခုထက်ထိ ဖွံ့ဖြိုးတိုးတက်ဖို့ဟာ တစ်နိုင်ငံလုံးနဲ့ စာလို့ရှိရင် နောက်ကျနေတဲ့ နေရာတွေမှာ သွားပြီးတော့ ပညာသင်ပေး မယ်။ ပညာပေးရေးတာဝန်ကို ထမ်းဆောင်မယ်ဆိုတဲ့ စိတ်ဓာတ်တွေကို မွေးစေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နေပြည်တော်ရှိ MICC-2 တွင် ဒီဇင်ဘာ ၄ရက်က ကျင်းပသည့် အခြေခံပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

“ဆရာ၊ ဆရာမတွေအနေနဲ့တော့ ပိုပြီးတော့ ခက်ခဲတဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်ဖို့ဟာ စိန်ခေါ်မှုတစ််ခု အနေနဲ့ မြင်စေချင်ပါတယ်။ စိန်ခေါ်မှုတစ်ခုအနေသာ မဟုတ်ဘူး။ အခွင့်အရေးတစ်ခု။ နိုင်ငံအတွက် တစ်ကယ့်ကို တာဝန်ထမ်းဆောင်လို့ရမယ့် အခွင့်အရေးတစ်ခု ဆိုပြီးတော့ မြင်စေချင်ပါတယ်။ ဒီလို စွန့်စားတဲ့ စိတ်ဓာတ်တွေ အထူးသဖြင့် ကျွန်မတို့ရဲ့ ငယ်ရွယ်တဲ့ ဆရာတွေ၊ ဆရာမတွေဆီမှာ ရှိစေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသည်။

လက်တွေ့တွင် ထိုသို့ ဝေးလံခေါင်ဖျားဒေသများတွင် တာဝန်ထမ်းဆောင်ရန် ပညာရေးအပါအဝင် အခြား နယ်ပယ်အသီးသီးတွင် နိုင်ငံ့ဝန်ထမ်းများအကြား စိန်ခေါ်မှုများစွာ ရှိနေပြီး သွားလာရခက်ခဲခြင်း၊ လုံခြုံမှုအားနည်းခြင်းနှင့် နေရေး၊ စားရေးကအစ မပြည့်စုံခြင်းကြောင့် ဝန်ထမ်းများက ထိုသို့သော ဒေသများတွင် သွားရောက် တာဝန်ထမ်းဆောင်လိုစိတ် မရှိကြခြင်း ဖြစ်သည်။

“အဓိကက မိသားစုနဲ့ အဝေးကြီးနေရမှာရယ်၊ ပြီးတော့ လမ်းပန်းဆက်သွယ်ရေးကအစ ဘယ်လိုမှ အဆင် မပြေနိုင်ဘူး။ ပြေလည် မပြေဘူးကွာ။ စားဝတ်နေရေးကအစ၊ နေရေး၊ ထိုင်ရေးကအစ အစိုးရက ဘာမှ လုပ်မပေးတာ။ အဲ့တော့ ဘယ်သူက သွားချင်မှာလဲ” ဟု နေပြည်တော်ရှိ အစိုးရဝန်ထမ်းတစ်ဦးက ပြောသည်။

ထိုသို့ လမ်းပန်းဆက်သွယ်ရေးကအစ ခက်ခဲသော ဝေးလံသည့် တိုင်းရင်းသားဒေသများသို့ ဝန်ထမ်းများ အနေဖြင့် သွားရောက်တာဝန်ထမ်းဆောင်လိုခြင်း မရှိသောကြောင့် ဝန်ကြီးဌာနများက အပြစ်ရှိသည့် ဝန်ထမ်းများကို အပြစ်ပေးသည့်အနေဖြင့် ထိုဒေသများသို့ စေလွှတ်လေ့ ရှိကြောင်း နေပြည်တော်ရှိ ဝန်ထမ်းများထံမှ သိရသည်။

ဖွံ့ဖြိုးမှုနိမ့်ကျနေသည့် ကချင်၊ ကယား၊ ရခိုင်နှင့် ချင်းကဲ့သို့သော ပြည်နယ်များသို့ ပိုမို အရည်အချင်းရှိသည့် နိုင်ငံဝန်ထမ်းများကို ခန့်အပ်တာဝန်ပေးရမည့်အစား အပြစ်ရှိ ဝန်ထမ်းများကို ပြောင်းရွှေ့ခန့်ထားခြင်းမှာ မဖြစ်သင့်ကြောင်း အဆိုပါ ပြည်နယ်များမှ လွှတ်တော်အမတ်များကလည်း ပြောဆိုကြသည်။

နိုင်ငံ့ဝန်ထမ်းအများစုမှာ ဝေးလံခေါင်သီသည့် တိုင်းရင်းသားဒေသများသို့ သွားရောက်ကာ တာဝန်ထမ်းဆောင် လိုခြင်း မရှိသောကြောင့် အပြစ်ရှိသည့် ဝန်ထမ်းများကို အပြစ်ပေး၊ အရေးယူသည့်အနေဖြင့် အဆိုပါ ဒေသ များသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်စေခြင်းအပေါ် ဒေသခံများအနေဖြင့် စိတ်မကောင်းဖြစ်ရကြောင်း လွှတ်တော်အမတ်များက ပြောသည်။

“တဘောင်လိုလို စကားပုံလို ထွက်နေတာက ‘သွားလေရော့ လဟယ်’ ပေါ့။ ‘မတောက်တခေါက် ကယားရောက်’ အဲဒါမျိုးတွေ ဖြစ်နေတယ်။ ဝမ်းနည်းတယ်။ ငိုချင်တယ်။ ကယားကို ရောက်လာတဲ့ ဝန်ထမ်းအချင်းချင်း နှုတ်ဆက်ရင်တောင် မင်္ဂလာပါလို့ မနှုတ်ဆက်ဘူး။ ဟေ့ကောင် မင်းဘာနဲ့ ထိလဲ ဟေ့ဆိုပြီး အဲဒီလောက်အထိ အခြေအနေဆိုးနေတာက အခုထက်ထိပဲ။ ပြီးခဲ့တဲ့ ဥပဒေကြမ်းကော်မတီ အစည်းအဝေး တစ်ခုမှာ ရဲမှူးကြီး တစ်ယောက်က ရဲဝန်ထမ်းတွေ အလုပ်မလုပ်လို့ ချင်းပြည်နယ် အထိ ပို့ပစ်လိုက်တယ်လို့ ပြောတော့ Heart ကို ထိသွားတာပဲ” ဟု ကယားပြည်နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာခင်စည်သူက စက်တင်ဘာလအတွင်း မဇ္ဈိမကို ပြောဆိုထားဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ “အထူးသဖြင့် ဝေးလံခေါင်ဖျားမှာ တာဝန်ထမ်းဆောင်နေတဲ့  ဘဝတွေကို နား လည်ဖို့ လိုပါတယ်။ သူတို့ရဲ့ ခံစားချက်တွေကို သိမှ ဘာတွေကို ပံ့ပိုးရမလဲဆိုတာ သိမှာ ဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေရဲ့ဘဝ လုံခြုံမှ သူတို့ ပြုစုပျိုးထောင်ပေးနေတဲ့ ကလေးတွေလည်း ငြိမ်းချမ်းစွာနဲ့ ပညာ သင်ကြားနိုင်မှာ ဖြစ်ပါတယ်” ဟု သူ့၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly