အိုပက်အဖွဲ့က နုတ်ထွက်မယ်လို့ ကာတာ ကြေညာ

အိုပက်အဖွဲ့က နုတ်ထွက်မယ်လို့ ကာတာ ကြေညာ
Saad Sherida al-Kaabi, Qatari Minister for Energy Affairs, talks during a press conference in Doha, Qatar, Dec. 3, 2018. EPA-EFE/STR

ဒိုဟာ၊ ဒီဇင်ဘာ ၄ ။  ။ ကာတာနိုင်ငံအနေနဲ့ သဘာဝဓာတ်ငွေ့ကို တိုးပြီး ထုတ်လုပ်ဖို့ စီစဉ်ထားတာကြောင့် ရေနံတင်ပို့သောနိုင်ငံများအဖွဲ့ အိုပက်ကနေ နုတ်ထွက်ဖို့ ရည်ရွယ်ထားကြောင်း စွမ်းအင်ဆိုင်ရာ ဝန်ကြီးဖြစ်သူက တနင်္လာနေ့မှာ ကြေညာပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့မှာ ကာတာနိုင်ငံ နုတ်ထွက်မယ့်အကြောင်းကို အိုပက်အဖွဲ့ကိုလည်း တရားဝင် အကြောင်းကြားပြီးကြောင်း နိုင်ငံပိုင် Qatar Petroleum လုပ်ငန်းစုကြီးရဲ့ စီအီးအိုဖြစ်တဲ့  ဝန်ကြီး ဆတ်ရှားရီဒါအယ်လ်ခါဘီက ပြောပါတယ်။

“လာမယ့်နှစ်တွေမှာ ကာတာနိုင်ငံအနေနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးမှာ နှစ်စဉ် တန်ချိန် ၇၇ သန်းကနေ တန်ချိန် သန်း ၁၁၀ အထိ တိုးမြှင့်ထုတ်လုပ်သွားဖို့ ရည်စူးထားပါတယ်။ ဒါကြောင့်ပဲ အိုပက်အဖွဲ့ကနေ နုတ်ထွက်ရခြင်း ဖြစ်ပါတယ်။”လို့ ဒိုဟာက သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ ဝန်ကြီး ဆတ်ရှားရီဒါက ပြောခဲ့တာ ဖြစ်ပါတယ်။

“ကာတာနိုင်ငံအနေနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုမှာ နိုင်ငံတကာရဲ့ ရှေ့တန်းက ရပ်တည်နိုင်တာအတွက် ဂုဏ်ယူစရာပဲ ဖြစ်တယ်။ နောက်ပြီး သန့်စင်ဇီဝလောင်စာ ထုတ်လုပ်ရာမှာလည်း အကြီးဆုံးနိုင်ငံဖြစ်တယ်။ ဒါကြောင့်ပဲ ကာတာရဲ့ စီးပွားရေးဟာ အင်အားတောင့်တင်းနေတာ ဖြစ်ပါတယ်။”လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။

၁၉၆၁ ခုနှစ်က စပြီး အိုပက်အဖွဲ့ဝင်ဖြစ်လာတဲ့ ကာတာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သဘာဝဓာတ်ငွေ့ အထုတ်လုပ်နိုင်ဆုံး နိုင်ငံပဲ ဖြစ်ပြီး နှစ်စဉ် ကုဗမီတာ သန်း ၁၂၈၆၄၅ နီးပါးအထိ ထုတ်လုပ်နိုင်တာဖြစ်ကြောင်း အိုပက်အဖွဲ့အရ သိရပါတယ်။

လူဦးရေနဲ့ နိုင်ငံအကျယ်အဝန်းကြောင့်ပဲ အိုပက်အဖွဲ့မှာ နိုင်ငံငယ်ဖြစ်နေပေမယ့် ကမ္ဘာပေါ်မှှာ သဘာဝဓာတ်ငွေ့ ပိုင်ဆိုင်မှု အများဆုံး တတိယမြောက်နိုင်ငံဖြစ်ပြီး သဘာဝဓာတ်ငွေ့သိုက်ဟာ ကုဗမီတာ ၂၃၈၆၁ ဘီလီယံအထိ ရှိနေတယ်လို့ တွက်ချက်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly