သံဇစ်မြစ်အတွင်း ရေအရောင်ပြောင်းလဲမှုသည် ရေနံယိုဖိတ်မှုကြောင့် မဟုတ်ဟုဆို

သံဇစ်မြစ်အတွင်း ရေအရောင်ပြောင်းလဲမှုသည် ရေနံယိုဖိတ်မှုကြောင့် မဟုတ်ဟုဆို

နေပြည်တော်၊ နိုဝင်ဘာ ၃၀ ။            ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရေထုညစ်ညမ်းမှုသည် ရေနံယိုဖိတ်မှု ကြောင့် ဖြစ်ပွားရခြင်း မဟုတ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ပြောကြားသည်။

“ရေနမူနာများကို ဓာတ်ခွဲစမ်းသပ်မှုရလဒ်များအရ ရယူခဲ့သည့် ရေနမူနာရေများသည် ညစ်ညမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ ဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းဟာ ရေနံယိုဖိတ်မှုကြောင့် မဟုတ်ဘဲ  ရေအောက်သဘာဝ ဘူမိဖြစ်စဉ်ကြောင့်သော်လည်းကောင်း၊ ဂေဟစနစ် ပျက်ယွင်း မှုကြောင့်သော် လည်းကောင်း ရေအရောင် ပြောင်းလဲခြင်းဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်”ဟု ၄င်းက ပြောကြားသည်။

ယနေ့ နိုဝင်ဘာ ၃၀ ရက်က ကျင်းပပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းဝေးတွင်းတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ အမျိုးသားလွှတ်တေ်ာကိုယ်စားလှယ် ဒေါ်ထုမေ မေးမြန်းခဲ့သည့် “ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ၊ သံဇစ်မြစ်အတွင်း ဖြစ်ပေါ်နေသော ရေထုညစ်ညမ်း အရောင်ပြောင်းလဲမှုကိစ္စကြောင့် ဒေသခံပြည်သူလူထု၏ စိုးရိမ်မှုများမှာ တစ်စတစ်စ မြင့်မားလာကာ ဒေသတွင်းပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများရှိလာနေသည့် သတင်းများထွက်ပေါ်နေသောကြောင့် သက်ဆိုင်ရာ အစိုးရ၊ ဝန်ကြီးဌာနနှင့် အစိုးရ အဖွဲ့အစည်းများအနေဖြင့် မည်ကဲ့သို့ တုံ့ပြန်ဆောင်ရွက်မည်ကို သိရှိလိုခြင်း”မေးခွန်းနှင့် ပတ်သက်ပြီး ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဓာတ်ခွဲစစ်ဆေးချက်များအရ အဆိုပါရေများသည် သက်ရှိများ အသက်ရှင်နေထိုင်နိုင်ရန်အတွက် ခက်ခဲပြီး၊ လူများ၏ ကျန်းမာရေးအတွက် Oil and Grease ပါဝင်မှုကြောင့် ရေထဲတွင် လုပ်ကိုင်နေရသည့် လုပ်သားများ တွင် အရေယားယောင်ယမ်းခြင်း၊ ယားယံခြင်းများ ဖြစ်နိုင်ကြောင်းကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့က ကျင်းပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ကျန်းမာရေးဝန်ကြီးဌာန၏ အစီရင်ခံစာကို ဖတ်ကြားရာတွင် ပါရှိခဲ့သည်။

လက်ရှိ အခြေအနေများအရ အဆိုပါ မြစ်ရေသည် မျက်နှာပြင်အရောင်ပြောင်းလဲခြင်းမရှိ သည့်အတွက် မဒေးကျွန်း တစ်ဝိုက်တွင် ငါး၊ ပုဇွန် ဖမ်းဆီးခြင်းလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်နေကြောင်း သယံဇာတ ဒုဝန်ကြီးက ဆိုသည်။

ထို့အပြင် ရေထုညစ်ညမ်းမှု ပမာဏအဆင့် တိုင်းတာနိုင်ရန်အတွက် ရေနမူနာများကို ASEAN Marine Water Quality Management Guidelines and Monitoring Manual ပါ နမူများကို ကောက်ယူကာ အသိအမှတ်ပြု ဓာတ်ခွဲခန်း(၂)ခုတွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ရေရှည် လုပ်ငန်းစဉ်အဖြစ် ပတ်ဝန်းကျင်နဲ့ လူမှုစီးပွားဆိုင်ရာ ထိခိုက်နိုင်မှုများအပေါ် လေ့လာဆန်းစစ်မှုများနှင့် သုတေသန ပြုမှုများ ဆောင်ရွက်ခြင်း၊ ရေအရည်အသွေးအား စဉ်ဆက်မပြတ် တိုင်းတာစစ်ဆေးသည့် စနစ်ကို တည်ထောင်ရှိခြင်း၊ ပုံမှန်စောင့်ကြပ် ကြည့်ရှုစစ်ဆေးခြင်း” တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် သံဇစ်မြစ်ရေ ရေပြင်အကျယ် ၂မိုင်ခန့်သည် သံချေးအရောင် ပြောင်းသွားခဲ့ပြီး နောက် အဆိုပါ နေရာအနီးတစ်ဝိုက်တွင် ငါး၊ ပုဇွန်များ ဖမ်းမရမှုများလည်း ရှိခဲ့ကာ ဒေသခံတို့၏ စိုးရိမ်ပူပန်မှု များလည်း မြင့်တက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly