"နိုင်/ ကျဉ်းတို့ရဲ့ ခိုလှုံရာ" တည်ဆောက်ဖို့ ကျပ်သိန်း ၇ ထောင်ကျော်သုံးမည်

"နိုင်/ ကျဉ်းတို့ရဲ့ ခိုလှုံရာ" တည်ဆောက်ဖို့ ကျပ်သိန်း ၇ ထောင်ကျော်သုံးမည်
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ၂၅ ။          ။ နေထိုင်ရပ်တည်ရန် ခက်ခဲနေသည့် နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုများနေထိုင်နိုင်ရန်အတွက် "နိုင်/ ကျဉ်းတို့ရဲ့ခိုလှုံရာ"အား ခန့်မှန်းခြေ ကျပ်သိန်းပေါင်း ၇ ထောင်ကျော်အကုန်အကျခံကာ တည် ဆောက်သွားမည်ဖြစ်ကြောင်း တည်ဆောက်ရေးတာဝန်ခံ ဦးအောင်ကြီးက မဇ္စျိမသို့ ပြောသည်။

အဆိုကုန်ကျမည့် စရိတ်များမှာ အလှူခံရယူထားသည့် ငွေကြေးများလုံးဝမပါဘဲ အသိမိတ်ဆွေ နိုင်ငံရေး အကျဉ်းသားဟောင်းများ မိမိဆန္ဒအရ စုပေါင်းထည့်ဝင်ထားသည့် ငွေကြေးများသာဖြစ်ကြောင်း ၎င်းက ပြော သည်။

" ဘယ်လောက်လှူပါဆိုပြီးတော့ လိုက်ပြီး အလှူခံတဲ့အလုပ် ကျွန်တော်တို့ မလုပ်ပါဘူး။ လိုအပ်ရင် ကျွန်တော်တို့ ကိုယ်ပိုင်ငွေနဲ့ စိုက်ဆောက်မှာပါ။ ကျွန်တော်တို့ ပထမဆွဲထားတာက ခြောက်ခန်းတွဲ၊ ၂ ထပ် တိုက်၊ တိုက်တစ်လုံးကို ၁၂ ခန်းပါတယ်။ အခုကျတော့ ဝန်ကြီးချုပ်တွေ လမ်းညွှန်ချက်ကလည်း ပါလာတယ်။ သူတို့ တအား မွန်းကျပ်မှာစိုးလို့။ ကိုယ်ပိုင်ခြံလေး၊ ဝန်းလေးနဲ့ လုပ်စေချင်တယ်ဆိုတော့။ ပုံစံနှစ်ခုသွားဖြစ်မှာ ပါ"ဟု ဦးအောင်ကြီးက ပြောသည်။

"နိုင်/ ကျဉ်းတို့ရဲ့ ခိုလှုံရာ"အား တိုက်ကြီးမြို့နယ်၊ အုန်းနှဲပင်ကျေးရွာအုပ်စု၊ မလေးရှားဝိုင်ကျေးရွာတွင် မြေ ဧက ၃ ဧကဖြင့် စတင်တည်ဆောက်မည်ဖြစ်ပြီး နောက်ပိုင်းတွင် မြေနေရာ ၁၀ ဧကခန့်ထိ ထပ်မံဝယ်ယူကာ နေထိုင် မည့် နိုင်ငံရေးအကျဉ်းသားများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးများ လုပ်ဆောင်နိုင်သည့်အထိ စီစဉ်ပေးသွား မည်ဖြစ်ကြောင်းသိရသည်။

" အဓိကတော့ ဘယ်လိုပဲဖြစ်ဖြစ်၊ ခဏတဖြုတ်ပဲဖြစ်ဖြစ်၊ ကျန်းမာရေးအရသော်လည်းကောင်း၊ တကယ့်နေစရာ၊ ထိုင်စရာ မရှိဘူးဆိုရင် ကိုယ်တို့က အိမ်ပါအပြီးဆောက်ပေးမှာလေ။ ဘာမှပေးစရာမလိုဘူး။ မြေနေရာဖိုးလည်း ပေးစရာမလိုဘူး။ သူတို့နေနိုင်သလောက်နေပေါ့။ နိုင်ငံရေးအကျဉ်းသား အိမ်ထောင်ဦးစီးမရှိလည်း ကျန်ခဲ့တဲ့ မျိုးဆက်သစ်အတွက် အကိုတို့ကနောက်ပိုင်း မူဘောင်တွေချပြီးတော့ စည်းကမ်းလေးနဲ့ ကော်မတီက ဆုံးဖြတ် ပေးမှာပါ "ဟု "နိုင်/ ကျဉ်းတို့ရဲ့ ခိုလှုံရာ"အား စတင်အကောင်အထည်ဖော်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးသက်ဦးက ပြောသည်။

"နိုင်/ ကျဉ်းတို့ရဲ့ ခိုလှုံရာ"အား စတင် အကောင်အထည်ဖော်နိုင်ရေးအတွက် နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက် ပိုင်း၊ တိုက်ကြီးမြို့နယ်၊ အုန်းနှဲပင်ကျေးရွာအုပ်စု၊ မလေးရှားဝိုင်ကျေးရွာတွင် ပန္နက်ရိုက် မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုတို့အပါအဝင် အစိုးရဌာနဆိုင်ရာ အကြီးအကဲများ၊ နိုင်ငံရေး အကျဉ်းသားဟောင်း စီးပွားရေးလုပ်ငန်းရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်  နိုင်ငံရေးအကျဉ်းသား ဟောင်းများ တက်ရောက်ခဲ့သည်။

"နိုင်/ ကျဉ်းတို့ရဲ့ ခိုလှုံရာ" နိုဝင်ဘာလ ၂၆ ရက်နေ့တွင် စတင်တည်ဆောက်သွားမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းအား ၂၀၂၀ ခုနှစ်မတိုင်မီ တစ်နှစ်အပြီး ဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly