ပါကစ္စတန်က တရုတ်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရမှု သေဆုံးသူ ခုနစ်ဦးအထိ ရှိလာ

ပါကစ္စတန်က တရုတ်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရမှု သေဆုံးသူ ခုနစ်ဦးအထိ ရှိလာ

အစ္စလာမ္မာဘတ်၊ နိုဝင်ဘာ ၂၃ ။          ။ ပါကစ္စတန်နိုင်ငံ တောင်ပိုင်းမြို့ ကရာချိမြို့မှာ ရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို သောကြာနေ့က တိုက်ခိုက်ခံရမှုမှာ ရဲနှစ်ဦးနဲ့ အရပ်သားနှစ်ဦးအပါအဝင် တိုက်ခိုက်သူ သုံးပါ သေဆုံးပြီး ခုနစ်ဦးအထိ ရှိလာကြောင်း ဆေးရုံတာဝန်ရှိသူတွေက အီးပီအေသတင်းဌာနကို ပြောပါတယ်။

“သေနတ်သမား လေးဦးမှာ သုံးဦးက တရုတ်ကောင်စစ်ဝန်ရုံးထဲ ဝင်ရောက်ဖို့ ကြိုးစားကြပြီး ရပ်တန့်ခိုင်းခံရချိန်မှာ ကောင်စစ်ဝန်ရုံး လုံခြုံရေးအတွက် ချထားတဲ့ ရဲနဲ့ လုံခြုံရေးအစောင့်တွေကို စတင်ပစ်ခတ်တာ ဖြစ်ပါတယ်။”လို့ ကရာချိရဲဌာနမှ မိုဟာမတ်အစ်ဖက်က ပြောပါတယ်။

တိုက်ခိုက်မှုဟာ နံနက် ၉ နာရီ ၁၇ မိနစ်မှာ ဖြစ်ပွားတာပါ။ လက်နက်ကိုင်တွေဟာ သေနတ်တွေ ပစ်ခတ်ပြီး လက်ပစ်ဗုံးတွေနဲ့လည်း လှမ်းပစ်တို်က်ခိုက်တာပါ။

“စစ်ဆင်ရေးက ပြီးသွားပါပြီ။ ဖြစ်ပွားရာကို လုံခြုံရေးတပ်တွေက ပိတ်ထားပါတယ်။”လို့ မိုဟာမတ်အစ်ဖက်က ပြောပြီး တိုက်ခိုက်သူတွေဟာ ကောင်စစ်ဝန်ရုံးထဲ ရောက်အောင် မဝင်နိုင်ခဲ့ကြောင်း ဖြည့်စွက်ဆိုပါတယ်။

ကောင်စစ်ဝန်ရုံးက ဝန်ထမ်းအားလုံး ဘေးကင်းစိတ်ချရကြောင်း ၎င်းက ပြောပါတယ်။

အနောက်တောင်ပိုင်း ဘလိုချီစတန်ပြည်နယ် လွတ်လပ်ရေး ကြိုးစားနေတဲ့ ဘလိုချီစတန်လွတ်မြောက်ရေးတပ်ဖွဲ့က ခုတိုက်ခိုက်မှုကို ၎င်းတို့ ကျူးလွန်ကြောင်း အတည်ပြု ထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံဟာဆိုရင် ပါကစ္စတန်မှာ အခိုင်အမာ တည်ရှိနေရာရထားတာဖြစ်ပါတယ်။ တရုတ်က အမေရိကန်ဒေါ်လာ ဘီလီယံ ၆ဝရင်းနှီးမြုပ်နှံတဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတစ်ရပ်ဖြစ်တဲ့ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြစီမံကိန်းကြောင့် တရုတ်နဲ့ ပါကစ္စတန်ဟာ နီးစပ်တဲ့ မဟာမိတ်ဖွဲ့ထားတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly