နိုဝင်ဘာ ၂၃ ။ ။ များမကြာမီက ရုရှနိုင်ငံ၊ ခရက်စ်နိုတာမြို့က လမ်းမပေါ်မှာ သီချင်းသီဆိုဖျော်ဖြေတင်ဆက်ခဲ့တဲ့ နာမည်ကြီး ရုရှ Rapper အဆိုတော် ဟတ်စကီကို ပြီးခဲ့တဲ့ ကြာသာပတေးနေ့ (နိုဝင်ဘာလ ၂၂ ရက်)မှာပဲ ထောင်ဒဏ် ၁၅ ရက် ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ခရက်စ်နိုတာမြို့တောင်ပိုင်းမှာ ကားခေါင်မိုးပေါ် တက်ပြီး သီချင်းဆိုခဲ့နေတဲ့ အသက် ၂၅ နှစ်ရှိ ဟတ်စကီ (အမည်ရင်း - ဒီမီထရီ ကုနက်ဇ်စတော့ပ်) ဟာ လူငယ်ပရိသတ်တွေက တစ်ခဲနက်အားပေးခဲ့ကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်က ထွက်ရှိခဲ့တဲ့ ဟတ်စကီရဲ့ သီချင်း Judas မှာ တရားမဝင် မူးယစ်ဆေးဝါးတွေအကြောင်းပါ ပါဝင်တာမို့ အဆိုပါသီချင်းကို YouTube မှာကြည်ုလို့မရအောင် ရုရှအာဏာပိုင်တွေက ပိတ်ပင်တားမြစ်ခဲ့တာ ဖြစ်ပါတယ်။
YouTube မှာ မပိတ်ခင်မှာ အဆိုပါသီချင်းကို ကြည့်ရှုသူ ၅ သန်းကျော်ရှိခဲ့ကြောင်း သိရှိရပါတယ်။
ဟတ်စကီဟာ ရုရှနိုင်ငံတစ်ဝန်းက မြို့ ၁၆ မြို့မှာ နယ်လှည့်ဖျော်ဖြေဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း အဆိုပါ Judas သီချင်းကြောင့် ၎င်းသီချင်းဆိုမယ့် နေရာတွေကို ရုရှအာဏာပိုင်တွေက ပိတ်လိုက်တာဖြစ်ပါတယ်။
သီချင်းသီဆိုဖျော်ဖြေဖို့ နေရာမရှိတဲ့အခါ လမ်းမပေါ်မှာ ပရိသတ်တွေနဲ့အတူ သီချင်းဆိုခဲ့တဲ့ ဟတ်စကီကို ဥပဒေချိုးဖောက်မှုနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဟတ်စကီဟာ ဆေးစစ်ဖို့ကိုပါ ငြင်းဆန်ခဲ့တဲ့အတွက် ထောင်ဒဏ် ၁၅ ရက်ပြစ်ဒဏ်ချမှတ်ခံလိုက်ရတာဖြစ်ပါတယ်။
ဟတ်စကီ ပထမဆုံးရေးစပ်ခဲ့တဲ့ သီချင်းတွေထဲမှာ ရုရှသမ္မတ ပူတင်ကို ဝေဖန်တဲ့ သီချင်းလည်း ပါဝင်ကြောင်း သိရှိရပါတယ်။