စက်တင်ဘာ ၂၆၊ လီဗာပူးလ် ။ ။ လီဗာပူးလ်နည်းပြ ဘရန်ဒန်ရော်ဂျာက ရာထူးမှထုတ်ပယ်ခံရမည်ကို မကြောက်ကြောင်းနှင့် ဖိအားများမှာ ၎င်း၏မောင်းနှင်အားဖြစ်သည်ဟု ပြောဆိုလိုက်သည်။
ပရီးမီးယားလိဂ်လေးပွဲဆက်နိုင်ပွဲပျောက်နေပြီးနောက် ဘရန်ဒန်ရော်ဂျာ၏အခြေအနေမှာ ပြင်းထန်သောဖိအားများနှင့် ရင်ဆိုင်နေရသည်။
ရော်ဂျာက ၎င်းသည် ၂၀၁၂ တွင်အသင်းကိုစတင်တာဝန်ယူစဉ်ကထက် ပိုကောင်းလာပြီဟုလည်း ပြောသည်။ နည်းပြရာထူးမှာ အန္တရာယ်ရှိ နေပြီလားဆိုသည့်မေးခွန်းကို ရော်ဂျာက “ဖိအားဆိုတာ ဘယ်တုန်းကမှမရှိဘူးလို့ ကျွန်တော်ယူဆပါတယ်။ နည်းပြတစ်ယောက်အတွက် ထိတ်လန့်စေတဲ့ မောင်းနှင်အားလို့ပဲ မြင်တယ်။ အပြုသဘောဆောင်တဲ့ ထိတ်လန့်မှုပေါ့လေ။
နေ့တိုင်းအကောင်းဆုံးဖြစ်နေဖို့လိုပြီး ဒီလို ပုံရိပ်သမိုင်းကြောင်းကောင်းတဲ့အသင်းကိုလာမယ်ဆိုရင် ဖိအားဆိုတာက အမြဲဖြစ်ပေါ်နေမှာပါပဲ။ အဲဒါကို ကျွန်တော်မကြောက်ဘူး။ ကျွန်တော့်ရဲ့လုပ်နိုင်စွမ်းအပေါ်မှာ ယုံကြည်မှုအပြည့်ရှိပါတယ်”ဟု ဖြေကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ရာသီအစနှစ်ပွဲဆက်တိုက်အနိုင်ရခဲ့သော်လည်း သြဂုတ် ၁၇ တွင် ဘုန်းမောက်ကိုအနိုင်ရခဲ့ပြီးနောက် ပိုင်း နိုင်ပွဲပျောက်ဆုံးနေသည်။
ကက်ပီတယ်ဝမ်းဖလားတွင်လည်း လိဂ်-၂ကလပ် ကာလစ်လီကို ပင်နယ်တီအဆုံးဖြတ်ဖြင့်သာ ဖြတ်ကျော်ခဲ့ရသည်။ လီဗာပူးလ်အသင်းအနေ ဖြင့် ဒေါ့တ်မွန်နည်းပြဟောင်း ဂျာဂျန်ကလော့ပ်၊ ရီးယဲလ်မက်ဒရစ်နည်းပြဟောင်း အန်ဆလော့တီတို့ကို စိတ်ဝင်စားနေသည်ဟုလည်း သတင်း များထွက်ပေါ်နေသည်။
လီဗာပူးလ်အသင်းက မည်သည့်နည်းပြကိုမှ ဆက်သွယ်ခြင်းမရှိဟု ပြောကြားထားသော်လည်း သတင်းများအဆက်မပြတ်ထွက်ပေါ်နေခြင်းက ရော်ဂျာ၏ အနာဂါတ်နှင့်ပတ်သက်ပြီး ကောလာဟလများဖြစ်ပေါ်စေလျှက်ရှိသည်။
Ref; BBC