ပျဉ်းမနား သမိုင်းဝင်ဆင်ဖြူတောင်ပေါ်ရှိ စေတီတော်တစ်ဆူ ဌာပနာ အဖောက်ခံရ

ပျဉ်းမနား သမိုင်းဝင်ဆင်ဖြူတောင်ပေါ်ရှိ စေတီတော်တစ်ဆူ ဌာပနာ အဖောက်ခံရ

နေပြည်တော်၊နိုဝင်ဘာ ၁၀ ။     ။ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ဝဲကြီးကျေးရွာအနီးတွင် တည်ထားကိုးကွယ်လျှက်ရှိသော သမိုင်းဝင်ဆင်ဖြူတောင် ဘုရားကြီး၊ တန်ခိုးကြီးဘုရားစေတီ၏ အနောက်ဖက်ရှိ လွန်ခဲ့သည့် ၁ဝနှစ်ခန့်က တည်ထားကိုးကွယ်ထားသည့် စေတီတစ်ဆူအတွင်းရှိ ဌာပနာ ပစ္စည်းများ ဖောက်ထွင်းခံခဲ့ရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ပြီး ၅ ရက်နေ့တွင် အဆိုပါစေတီအနီးနားရှိ ကျောင်းထိုင်ဘုန်းကြီးအား ကလေးများက လာရောက်ပြောပြမှ သိရှိရခြင်းဖြစ်ပြီး သွားရောက်ကြည့်ရှုချိန်တွင် ဌာပနာအတွင်းတွင် တစ်ထောင်တန် တစ်ရွက်သာ ကျန်နေခဲ့ကြောင်းကို ကျောင်းထိုင်ဘုန်းကြီးက ပြောပြခဲ့ကြောင်း ဖြစ်စဉ်တွင် လိုက်ပါ ကြည့်ရှုခဲ့သူ ကူးတို့ဆိပ်အုပ်စု ကျောက်ကုန်းကျေးရွာမှ ဦးအောင်ငြိမ်းက ပြောသည်။

အဆိုပါဖောက်ထွင်းခဲ့သည့်ဖြစ်စဉ်နှင့်ပက်သတ်ပြီး “အရှင်ဘုရား ကိုယ်တိုင် သိတာလားဆိုတော့ မဟုတ်ဘူး။ ကလေးတွေကပြောလို့ သူကလည်းလာကြည့်တော့မှ ဟုတ်တယ်ဆိုပြီးတော့ သိတာနဲ့ ကျွန်တော် အဲ့လိုလုပ်လိုက်တာဆိုပြီးတော့ အဲ့လိုပြောတယ်။ သက်ဆိုင်ရာကို အကြောင်းမကြားဘူးလားလို့ ထပ်ပြီးတော့ လျှောက်လိုက်တော့  ဒါယိကာကြီး ကျော်ဆင့် ဂေါပကကို ကျွန်တော်လှမ်းပြီးတော့ ဖုန်းတွေ ခေါ်တယ်တဲ့။ ဖုန်းတွေ ဝင်ပြီးတော့  ဖုန်းတွေ တစ်ခါမှ မကိုင်ဘူး။ အဲဒါနဲ့ ကျွန်တေ်ာလည်း မဆက်တော့ဘဲ ထားလိုက်တာတဲ့။ သူကတော့အဲ့လိုပြောတယ်။ အဲဒါနဲ့ ကျွန်တေ်ာလည်း ကဲ မထူးပါဘူး မျောက်တွေ ဒီထက် ဖျက်ဆီးပစ်ရင် ပြီးရောဆိုပြီးတော့ သူလည်း ရှိတဲ့ ဘိလပ်မြေနဲ့ ဖာထားတယ်” ဟု ကျောင်းထိုင်ဘုန်းကြီးအား မေးမြန်းလျောက်ထားမှုကို ကိုးကားပြီး  ၄င်းက ဆက်လက်ပြောသည်။

နိုဝင်ဘာ ၄ ရက်နေ့ ညပိုင်းတွင်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်သိရချိန်တွင် အဆိုပါစေတီအနီးရှိ ကျောင်းထိုင်ဘုန်းကြီးက သက်ဆိုင်ရာ ဂေါပကများထံ သတင်းပို့ရာတွင် အဆက်အသွယ်မရခဲ့သည့်အတွက်ကြောင့်  ဖြစ်စဉ်ကို  နိုဝင်ဘာလ ၇ ရက်နေ့တွင် အဆိုပါ တောင်တော်အနီးရှိ ရွာသူရွာသားများနှင့် သက်ဆိုင်ရာ ဂေါပက အဖွဲ့များထံသို့ ထပ်မံ ဖုန်းဆက် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဖောက်ခံထားသည့် စေတီအတွင်းမှ ဌာပနာ ပစ္စည်းများသည် ကာလ ပေါက်စျေး မည်မျှ ရှိသည်ဆိုသည်နှင့် အရေအတွက်ကို မသိရှိရကြောင်း ဆင်ဖြူတောင်တော် ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးမြင့်ဦးကပြောသည်။

“ဌာပနာတန်ကြေးကတော့ မသိဘူးလေ။  ဘုရားဒါယိကာမှ  သူထည့်မှ သိတာကိုး”ဦးမြင့်ဦးကပြောကြားသည်။

သမိုင်းဝင်ဆင်ဖြူတောင်တော်တွင် နှစ်စဉ် တန်ခူးလဆန်း (၈)ရက်နေ့မှ တန်ခူးလပြည့်နေ့အထိ ဘုရားပွဲကို ကျင်းပပြုလုပ်လျက်ရှိသည်။

အဆိုပါတောင်တော်တွင် လွန်ခဲ့သည့် သက္ကရာဇ် ၂ဝဝဝမပြည့်ခင်ဝန်းကျင်နှစ်ကလည်း တောင်ထိပ်ရှိ တန်ခိုးကြီးဘုရား၏ စိန်ဖူးတော် အခိုးခံခဲ့ရပြီး နောက်ပိုင်းတွင် ပြန်လည်ရရှိခဲ့ဖူးကြောင်း ရွာသူရွာသားများ၏ပြောပြချက်အရ သိရသည်။

လက်ရှိတွင် အဆိုပါ ဌာပနာဖောက်မှုသည် စေတီ၏ အထက်ပိုင်းတွင် ဖောက်ခဲ့ခြင်းဖြစ်ပြီး  စုံစမ်းစစ်ဆေးမှုများ လုပ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly