တစ်ကမ္ဘာလုံးက ပါဝင်နိုင်မယ့် ဓာတ်ပုံပြိုင်ပွဲကို မြန်မာနိုင်ငံဓာတ်ပုံဆရာအသင်းက စီစဉ်နေ

တစ်ကမ္ဘာလုံးက ပါဝင်နိုင်မယ့် ဓာတ်ပုံပြိုင်ပွဲကို မြန်မာနိုင်ငံဓာတ်ပုံဆရာအသင်းက စီစဉ်နေ

ရန်ကုန်    နိုဝင်ဘာ   ၇  ။          ။ တစ်ကမ္ဘာလုံးရှိ မည်သူမဆို လွတ်လပ်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် ဓာတ်ပုံပြိုင်ပွဲတစ်ခုကို မြန်မာနိုင်ငံ ဓာတ်ပုံဆရာအသင်းက စီစဉ်နေသည်။

ဓါတ်ပုံဝါသနာရှင်များအတွက် နိုင်ငံတကာဓါတ်ပုံပညာရှင်များနှင့် ရင်ဘောင်တန်းနိုင်သည့် ပရော်ဖက်ရှင်နယ် ဓါတ်ပုံပညာရှင်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပထမအကြိမ်အဖြစ် ယခုလို ကျင်းပရန် စီစဉ်လာခြင်းဟု မြန်မာနိုင်ငံဓါတ်ပုံဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက ပြောသည်။

" မြန်မာနိုင်ငံဓါတ်ပုံအသင်းကနေပြီးတော့ ပထမဆုံးအကြိမ်ကျင်းပမယ့် FIAP အသိအမှတ်ပြု နိုင်ငံတကာ ဓါတ်ပုံပြိုင်ပွဲက ယူနက်စကိုက အသိအမှတ်ပြုတဲ့ နိုင်ငံတကာဓါတ်ပုံအသင်းအဖွဲ့ကြီးပေါ့။ အဲဒီအဖွဲ့ကြီးကနေ အသိအမှတ်ပြုတဲ့ နိုင်ငံတကာ ဓါတ်ပုံပြိုင်ပွဲတွေ ကျင်းပလို့ရတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာက အကြောင်းအမျိုး မျိုးကြောင့် မကျင်းပနိုင်ခဲ့ဘူး။ ဒီနှစ်မှာတော့ ကျင်းပဖြစ်တာပေါ့။ ဒါက အသင်းအတွက် ပထမဆုံးဖြစ်သလို မြန်မာနိုင်ငံအတွက်လည်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။" ဟု ၎င်းက ဆိုသည်။

ပြိုင်ပွဲတွင် Print ဓါတ်ပုံကဏ္ဍအပြင် Digital Data ဓါတ်ပုံ များကိုလည်း Online မှတစ်ဆင့် ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်တစ်ဦးလျှင် အနည်းဆုံး ၁ ပုံမှ အများဆုံး ၁၆ ပုံအထိ လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်ဟု ဦးကျော်ကျော်ဝင်းက ပြောသည်။

Print ဓါတ်ပုံကဏ္ဍ၌ စိတ်ကြိုက်ဆေးရောင်စုံနှင့် စိတ်ကြိုက်အဖြူအမည်းဟု ခွဲခြား ထားပြီး Digital Data ဓါတ်ပုံကဏ္ဍတွင် Travel နှင့် People ဟု ခွဲခြားထားသည်။ ဆုအဖြစ် FIAP ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ စုစုပေါင်း ၇၂ ဆု နှင့် အခြားဆုများ ချီးမြှင့်သွားမည်ဖြစ်သည်။

" မြန်မာနိုင်ငံဓါတ်ပုံဆရာအသင်းရဲ့ဆောင်ပုဒ်ကိုက ဓါတ်ပုံပညာဖြင့် မြန်မာကို ကမ္ဘာကသိစေအံ့ဆိုတဲ့ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တာ။ အသင်းရဲ့သက်တမ်းကလည်း နှစ်ပေါင်း ၆၈ နှစ်ကျော်ရှိသွားပြီ။ အဲဒီတော့ ကျွန်တော်တို့က အသင်းဝင်တွေရဲ့ ဓါတ်ပုံအနုပညာနဲ့ မြန်မာကို ကမ္ဘာက ပိုပြီးသိလာအောင် စွမ်းဆောင်ချင်တယ်။ ကျွန်တော်တို့အတွက် အလွယ်ကူဆုံးနဲ့ မြန်မြန်ဆန်ဆန်လုပ်နိုင်တာက ဓါတ်ပုံပြိုင်ပွဲတွေ ဝင်ပြိုင်တာ ပေါ့နော်။ ပြိုင်ပွဲတွေ ဝင်ပြိုင်နိုင်တော့ မြန်မာ အကြောင်းကို နိုင်ငံတကာကိုလည်း မိတ်ဆက်နိုင်တယ်။" ဟု  မြန်မာနိုင်ငံဓါတ်ပုံဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက ပြောသည်။

ယခုကျင်းပမည့် နိုင်ငံတကာဓါတ်ပုံပြိုင်ပွဲတွင် ရွေးချယ်ခံရသော ဆုရရှိသူများသည် FIAP ၏ ဓါတ်ပုံဆိုင်ရာ ဘွဲ့များနှင့် မြန်မာနိုင်ငံဓါတ်ပုံဆရာအသင်းမှ ဓါတ်ပုံဆိုင်ရာဘွဲ့များ လျှောက်ထားရာတွင်လည်း အသိအမှတ်ပြု ခံရမည်ဖြစ်သည်။

ပြိုင်ပွဲအတွက် ဓါတ်ပုံများကို နိုဝင်ဘာ ၃ဝ ရက်နေ့တွင် နောက်ဆုံးပေးပို့ရမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံဓါတ်ပုံဆရာအသင်း၏ Online စာမျက်နှာတွင် ဝင်ရောက် လေ့လာနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly