ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၏ မူဝါဒ သဘောထား

ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၂၃ ။      ။ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ ဗဟိုကော်မတီအတွင်းရေးမှူး ဦးကိုကိုက   ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၂၃ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

လေးစားအပ်ပါသော မြန်မာနိုင်ငံသူ/ နိုင်ငံသား၊ မိဘပြည်သူများခင်ဗျား-ကောင်းကျိုးလိုရာဆန္ဒနဲ့ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်...။ ကျွန်တော်ကတော့ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) မှ ဗဟိုကော်မတီအတွင်းရေးမှုး ဦးကိုကိုဖြစ်ပါတယ်။

ဒီကနေ့ မြန်မာရုပ်မြင်သံကြားနှင့် မြန်မာ့အသံထုတ်လွှင့်မှုအစီစဉ်မှာမြန်မာနိုင်ငံသူ/ နိုင်ငံသားများသိရှိနိုင်ရန် ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(DNDP ) ၏ မူဝါဒရှေ့လုပ်ငန်းစဉ်များကို တင်ပြသွား မှာဖြစ်ပါတယ်။ ပဏာမအနေနဲ့ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP)  အကြောင်းကို အကျဉ်းမျှတင်ပြပါရစေ။

ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ဟု အမည်ပြု ထားသော်လည်း ရှေးပဝေသဏီခေတ်မှ ယနေ့မျက်မှောက် ခေတ်ကာလအထိ အတူနေတိုင်းးရင်းသားများအားလုံးရဲ့ အကျိုးကို ကျောသားရင်းသားမခွဲခြားဘဲ အေးတူအပူမျှ တန်းတူညီမျှသောအကျိုးကို ဆောင်ကြဉ်းပေးလိုတဲ့အတွက်ဒီနာမည်ကို ရွေးချယ်ထားခြင်းဖြစ်ပါတယ်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှာလည်း ပအိုဝ်းလူမျိုးကိုယ်စားလှယ်၊ တောင်ရိုးလူမျိုးကိုယ်စားလှယ် စသည်ဖြင့်ပါဝင်နေပြီး ဒေသအကျိုးအတွက် ပူးပေါင်းဆောင်ရွက်နေကြ ပြီဖြစ်ပါတယ်။

လေးစားအပ်ပါသော မြန်မာနိုင်ငံသူ/နိုင်ငံသား၊ မိဘပြည်သူအပေါင်းနှင့် ဓနုတိုင်းရင်းသားအပေါင်းတို့ခင်ဗျား-

ကျွန်တော်တို့ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီကို ၂၀၁၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအပြီး ၂၀၁၂ ခုနှစ် (မေ)လမှာ စတင်တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ၂၀၁၂ ခုနှစ် (ဇူလိုင်)လ ၃ ရက်နေ့မှာ တရားဝင်ပါတီတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ ကျွန်တော်တို့ပါတီရဲ့ မှတ်ပုံတင်အမှတ်က (၅၇) ဖြစ်ပါတယ်။ကျွန်တော်တို့ပါတီရဲ့အလံဟာ အနီရောင် ထောင့်မှန်စတုဂံပုံ အလယ်တည့်တည့်မှာ အဖြူရာင် အဝိုင်းတစ်ခုပါရှိပြီး အဖြူရာင် အဝိုင်းအတွင်းမှာ ဓနုအိုးစည်ပုံပါရှိပါတယ်။ ဓနုအိုးစည်ပုံပါတဲ့ အဖြူရောင် အဝိုင်းကိုအရွယ်တူရွှေဝါရောင်ကြယ် ၁၄ လုံးက ဝန်းရံထားတဲ့ပုံဖြစ်ပါတယ်။ အဓိပ္ပာယ်ကို ရှင်းလင်းတင်ပြရရင် ''ပြည်ထောင်စုထဲက ဓနုလူမျိုး'' ဟူ၍ ရည်ညွှန်းလိုခြင်းဖြစ်ပါတယ်။

ပါတီ၏ အမှတ်တံဆိပ်ကတော့ အနီရောင်အောက်ခံရဲ့ ဘယ်ဘက်ထိပ်မှ ဓနုအိုးစည်ပုံပါ အဖြူရောင်အဝိုင်းပါရှိပြီး အဝိုင်းရဲ့နံဘေးဘက်နဲ့ အောက်ဘက်တွေမှာ ပါတီရဲ့အမည်ကို အင်္ဂလိပ်၊ မြန်မာနှစ် ဘာသာဖြင့်ထင်ရှားစွာဖော်ပြထားပါတယ်။ ကျွန်တော်တို့ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီရဲ့ အောင်နိုင်ရေးဆောင်ပုဒ်ကတော့ အင်္ဂလိပ်ဘာသာဖြင့်''EQUALITY''၊ မြန်မာဘာသာဖြင့် ''တန်းတူညီ မျှဖြစ်စေမည်'' ဖြစ်ပါတယ်။။ ဓနုလူမျိုးရဲ့သမိုင်းကြောင်းကို တင်ပြရင် အင်္ဂလိပ်နယ်ချဲ့တော်လှန်ရေး၊ဖက်ဆစ်ဂျပန်တော်လှန်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွေမှာ နိုးကြားတက်ကြွစွာ ပါဝင်ခဲ့ကြ ပြီးမြန်မာ့လွတ်လပ်ရေးပန်းတိုင်တစ်ခုဖြစ်တဲ့ပင်လုံစာချုပ်မှာ တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် ဓနုလူမျိုး ဦးခွန်စောက ပါဝင်လက်မှတ် ရေးထိုးခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP)ရဲ့ ရည်ရွယ်ချက်အချုပ်ကို တင်ပြရရင် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအားလုံး တန်းတူရည်တူ အပြန်အလှန်လေးစားတန်ဖိုးထားရေး၊ စစ်မှန်သောမျိုးချစ်စိတ်ကို ထာဝရရှင်သန်စေပြီး ဥပဒေဘောင်အတွင်းအတူတကွ နေထိုင်နိုင်ရေး၊ မြို့ပြနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ဟန်ချက်ညီညီ တိုးတက်လာနိုင်စေရေး ပြည်ထောင်စုသမူ္မတ မြန်မာနိုင်ငံတော်ကြီးအား ငြိမ်းချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် အခြားအခြားသော တိုင်းရင်းသားများနှင့်အတူ လက်တွဲပူးပေါင်းပါဝင်ရေးနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသတ်မှတ်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်နေခဲ့သော နောင်ချိုမြို့နယ်အား ပါဝင်သတ်မှတ်နိုင်ရေးအတွက် ဦးဆောင်ကြိုးပမ်း လှုပ်ရှားရေး တို့ဖြစ်ပါတယ်။

ဆက်လက်ပြီး ကျွန်တော်တို့ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(DNDP) ရဲ့ ရှေ့လုပ်ငန်းစဉ်အကြောင်းကို တင်ပြလိုပါတယ်။

၁။ နိုင်ငံသားတိုင်း လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာတွေးခေါ်ခွင့်၊ လွတ်လပ်စွာရေးသားဟောပြောခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်၊လွတ်လပ်စွာ အသက်မွေးဝမ်းကျောင်းပြုပိုင်ခွင့်များကို တရားဥပဒေနှင့်သော်လည်းကောင်း၊ ငြိမ်ဝပ်ပိပြားရေးနှင့် သော်လည်းကောင်း၊ ပြည်သူ့ ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း မဆန့်ကျင်လျှင် လွတ်လပ်စွာပြုမှု ဆောင်ရွက်နိုင်သော အခြေခံရပိုင်ခွင့် ရရှိစေရေးအတွက် ကြိုးပမ်းသွားမည်။

၂။ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ တိုင်းရင်းသားအားလုံး နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနယ်ပယ်အသီးသီးတွင် တန်းတူရည်တူ လုပ်ပိုင်ခွင့်များ ရရှိစေရေး ကြိုးပမ်းသွားမည်။

၃။ တိုင်းရင်းသားလူမျိုးတိုင်းသည် မိမိတို့၏စာပေ၊ ဘာသာစကား၊ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများကို စောင့်ရှောက်ခွင့်၊ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခွင့်များရရှိစေရေး ဆောင်ရွက်သွားမည်။

၄။ နှစ်ပေါင်း(၆၀) ကျော်တိုင်အောင် မပြီးဆုံးသေးသော ပြည်တွင်းစစ်ကိုရပ်စဲပြီး ၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးနည်းလမ်းများဖြင့်ဖြေရှင်းဆောင်ရွက်ရာတွင် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်း ဆောင်ရွက်သွားမည်။

၅။ ဓနုဒေသအတွင်း စီးပွားရေးတိုးတက်မြင့်မားလာစေရန် ပြည်တွင်း၊ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ၊ ချေးငွေများနှင့် ထောက်ပံ့ငွေများကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေးအဖွဲ့အစည်းကြီးများ၊ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ဒေသဆိုင်ရာများနှင့် အပြန်အလှန်လေးစားရေး၊ တန်းတူရည်တူရေး၊ ချစ်ကြည်ရေးမူများဖြင့် ဆက်ခံ၊ လက်ခံဆောင်ရွက် သွားမည်။

၆။ ဓနုဒေသအတွင်း အရင်းအနှီးဖူလုံစေရန်၊ တိုင်းရင်းသာတို့၏ စုဆောင်မှုမြင့်မားလာစေပြီး စုဆောင်းသမျှ တိုးပွားမှုရှိစေရန်နှင့် တစ်ဖက်တွင်စီးပွားရေးလုပ်ငန်းများအတွက် ချေးယူနိုင်သော ရန်ပုံငွေ ပမာဏပေါများ လာစေရန်အတွက် ပြည်ထောင်စုအတွင်းရှိဘဏ်များ၊ စီးပွားရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်အကူညီရယူပြီး ကျယ်ပြန့်နက်ရှိုင်းစွာ ဖော်ဆောင်မည်။

၇။ ကျေးလက်နေပြည်သူတို့ဘ၀ တိုးတက်မြင့်မားလာစေရေးအတွက်စီးပွားရေးအထောက်အကူပြု အစီအစဉ်များ၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုအစီအမံများ ဆောင်ရွက် သွားမည်။

၈။ ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်မီး စသည့်လူ့အဖွဲ့အစည်း၏ အခြေခံလိုအပ်ချက်များ ပြည်စုံကုံလုံမှုရှိအောင် ဆောင်ရွက်သွားမည်။

၉။ သစ်တောပြုန်းတီးခြင်း၊ မြေပြိုခြင်း၊ ချောင်းမြောင်းများ တိမ်ကောလာခြင်း၊ ရာသီဥတုဖောက်ပြန်လာခြင်းစသော သဘာဝဘေးအန္တရာယ်များကို လက်တွေ့ကျသော သဘာဝပန်းဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာမူဝါဒများ ချမှတ်ပြီး တားဆီးနိုင်ေးအတွက် ကျွမ်းကျင်ပညာရှင်များ၏ အကူ အညီရယူကာ ဒေသအတွင်း ကြိုးပမ်းဆောင်ရွက်သွားမည်။

မဲဆန္ဒရှင် မိဘပြည်သူများခင်ဗျား -

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊ ပညာရေးကဏ္ဍစတဲ့ လူမှုရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခံလိုက်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ကြိုးစားအားထုတ်မှုကြောင့် အခန်းကဏ္ဍပေါင်းစုံမှာတိုးတက်လာနေပြီဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ သက်တမ်းကာလမှာလည်း ကြိုးစားဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်။ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီမှ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ကြိုးပမ်းဆောင်ရွက်မှု ကြောင့် ရရှိလာသည့်အကျိုးကျေးဇူးများကိုလည်း ဓနုလူမျိုးတစ်မျိုးတည်း

သာကွက်ပြီး ခံစားရခြင်းမဟုတ်ဘဲ ဒေသတွင်းမှာ အတူယှဉ်တွဲနေထိုင်ကြတဲ့ ညီနောင်တိုင်းရင်းသားများအားလုံးဟာလည်း အတူတကွ ခံစားရရှိ နေကြပြီ ဖြစ်ပါတယ်။

ဓနုတိုင်းရင်းသားလူမျိုများ ဒီမိုကရေစီပါတီ (DNDP) ဟာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မှတ်ပုံတင်ထားခြင်းမဟုတ်ဘဲ ဒေသဆိုင်ရာ ပါတီတစ်ခုအဖြစ် မှတ်ပုံတင်ထားခြင်းသာဖြစ်ပါတယ်။ သို့ဖြစ်သည့် အားလျော်စွာ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်းမှာသာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ပင်းတယမြို့နဲ့ ရွာငံမြို့နယ်မှာ ခုနစ်ဦး၊ နောင်ချိုမြို့နယ်နဲ့ ကလောမြို့နယ်တွေ မှာလေးဦးစီနဲ့ ရပ်စောက် မြို့နယ်နဲ့ တောင်ကြီးမြို့နယ်တွေမှာ နှစ်ဦးစီအားလုံးပေါင်း ၁၉ ဦး ယှဉ်ပြိုင် စေမှာ ဖြစ်ပါတယ်။

လွှတ်တော်အဆင့်အနေနဲ့တင်ပြရင် ပြည်သူ့လွှတ်တော်အတွက်ငါးဦး၊အမျိုးသားလွှတ်တော်အတွက် သုံးဦးနဲ့ ပြည်နယ်လွှတ်တော်အတွက် ၁၁ဦးဖြစ်ပါတယ်။ ကျွန်တော်တို့ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) မှ ကိုယ်စားလှယ်များအနိုင်ရရှိပါက တိုင်းရင်းသားများရသင့်ရထိုက်သည့် တန်းတူညီမျှအခွင့်အရေးများကို လွှတ်တော်ထဲမှာ ကြိုးစားဆောင်ရွက်ပေးသွားမှာဖြစ်သကဲ့သို့ အမိမြန်မာပြည်ခေတ်မီဖွံ့ဖြိုးတိုးတက် လာစေရန်အတွက်လည်း အခြားလွှတ်တော်ကိုယ်စားလှယ်များအားလုံး နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အထူးလေးစားရပါသော မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား-

မိဘပြည်သူများအားလုံးကို ပန်ကြားမေတ္တာရပ်ခံလိုတာကတော့ ၂၀၁၅ခုနှစ်(နိုဝင်ဘာလ) ၈ရက်နေ့မှာ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကြီးမှာ ကျွန်တော်တို့ပါတီ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေမှာကျွန်တော်တို့ ကိုယ်စားလှယ်များကို မဲပေးကြဖို့အတွက် မိဘပြည်သူများရဲ့ မေတ္တာ၊ စေတနာတွေကိုခံယူပါရစေ။

နိဂုံးချုပ်အနေဖြင့် နောင်လာမည့်အနာဂတ်ကာလတွင် တိုင်းရင်းသားလူမျိုးများအားလုံး တန်းတူညီမျှဖြစ်စေဖို့၊ တန်းတူညီမျှ တိုးတက်စေဖို့ EQUALITY ဖြစ်စေဖို့ ၂၀၁၅ ခုနှစ် (နိုဝင်ဘာ) ၈ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးမှာ မိမိတို့အသည်းကြားက မဲတစ်ပြားကို မှန်ကန်သောအတွေးအခေါ်၊ ပြည့်ဝသောခံယူချက်၊ ထက်သန်သောစိတ်စေတနာတို့ဖြင့် ကျွန်တော်တို့ ဓနုတိုင်းရင်းသား လူမျိုးများဒီမိုကရေစီ ပါတီ (DNDP)ရဲ့ လွှတ်တော်အဆင့်ဆင့် မဲပုံးများထဲသို့ မဲထည့်ပေးကြပါ ရန် လေးစားစွာဖိတ်ခေါ်ရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။

''တိုင်းရင်းသားတိုင်း တန်းတူညီမျှဖြစ်စေဖို့ အိုးစည်ပုံကိုမဲထည့်ကြစို့''

အားလုံးကိုကျေးဇူးတင်ပါတယ်။

ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ

 ၁။  ပါတီအမည်  -  ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ
 ၂။  ပါတီအမည်(English)  -  Danu National Democracy Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၃.၅.၂၀၁၂
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၂၇ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးမြသန်း၊ ဦးအောင်သိန်း
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၁.၆.၂၀၁၂
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၄.၆.၂၀၁၂
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၃.၇.၂၀၁၂
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၅၇)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးမြသန်း၊ ဦးကျော်ဇော(တွင်း/မှုး-၁)
 ၁၃။  ပါတီနယ်မြေ  -  ရှမ်းပြည်နယ်အတွင်း
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ဦးစီးဌာနရုံး အနီး၊ ဗထူးလမ်း၊ ဈေးတန်းရပ်၊ ရွာငံမြို့နယ်  ရှမ်းပြည်နယ်။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  

 ၀၉-၄၉၃၅၉၀၀၈(ဦးမြသန်း)၊ ၀၉-၄၉၃၅၉၆၅၅ ဦးကိုကို၊  ၀၉-၄၉၅၉၇၃၉၈  (ဦးရဲလွင်ဦး)၊ ၀၉-၄၉၂၅၀၂၆၄

 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly