ဇင်ဘာဘွေ ကျေးရွာနေပြည်သူများ စားနပ်ရိက္ခာ ရှားပါးပြတ်လပ်လာ၍ နပ်ကျော်ထမင်းစားနေရ

ဇင်ဘာဘွေ ကျေးရွာနေပြည်သူများ စားနပ်ရိက္ခာ ရှားပါးပြတ်လပ်လာ၍ နပ်ကျော်ထမင်းစားနေရ

ဘင်ဒူရာ၊ စက်တင်ဘာ-၂၄ ။             ။ မိုးခေါင်မှုနှင့် အငြင်းပွားဖွယ် မြေယာပြုပြင်ပြောင်းလဲမှုများကြောင့်ဟုဆိုသည့် အထွက်နှုန်းညံ့သည့် ရိတ်သိမ်းရာသီအပြီးတွင် ရိက္ခာပြတ်လပ်သွားသဖြင့် ဇင်ဘာဘွေနိုင်ငံမှ ရွာသားများမှာ နပ်ကျော်ထမင်းစားနေရပြီး တောရိုင်းသစ်သီးသစ်ဖုများကို ရှာဖွေနေကြရသည်ဟု ဆိုသည်။

''ကလေးတွေက ဆာလို့ တောင်းနေကြတာတောင်မှ ကျမတို့ လုပ်ပေးနိုင်တာ ဘာမှမရှိဘူး''ဟု မြို့တော်ဟာရဲ၏ အနောက်မြောက်ဘက်ရှိ မူဆာနာခရိုင်တွင် နေထိုင်သည့် ကလေး ၄ယောက်မိခင် ရာဘီရင် ချီဒမ်ဘာ (၄၀နှစ်)က ပြောကြားသည်။ သူမက သူမ၏ သေးငယ်နည်းပါးလှသော ပြောင်းဖူးဆံရိက္ခာကို ခြိုးခြံသည့်အနေဖြင့် မိသားစုထမင်းဝိုင်းကို တစ်နေ့ နှစ်နပ်သို့ လျှော့ချပစ်လိုက်သည်။

နံနက်စာကို လက်ဖက်ရည်နှင့် ပြောင်းပေါင်မုန့်နှင့် လွေးကြရပြီး ညစာကိုမူ ပြောင်းထမင်းနှင့် ကေးကျော်ကိုသာ စားကြရသည်။ ရံခါမှသာ အသားစကလေးများကို တွေ့ကြရသည်။

''တစ်နပ်နဲ့တစ်နပ်ကြား ကလေးတွေ ဆာလောင်လာကြရင်တော့ တောထဲသွားပြီး သစ်ဥသစ်ဖုတွေ ရှာစားကြရတယ်''ဟု ချီဒမ်ဘာက ပြောကြားသည်။

ကုလ စားနပ်ရိက္ခာပရိုဂရမ်နှင့် အခြားကူညီထောက်ပံ့ရေး အေဂျင်စီများ၏ ပြောကြားချက်အရ အနည်းဆုံး ဇင်ဘာဘွေနိုင်ငံသာ ၁.၅သန်းမှာ စားနပ်ရိက္ခာအကူအညီ လိုအပ်လျှက်ရှိသည်ဟု ဆိုသည်။

စီးပွားဖြစ် လူဖြူလယ်သမားများထံမှ မြေယာများကို သိမ်းယူကာ မြေယာမဲ့လူမည်းများထံသို့ ပြန်လည်ခွဲဝေပေးသည့် သမ္မတရောဘတ် မူဂါဘီ မြေယာပြုပြင်ပြောင်းလဲရေးကြောင့် ဖြစ်ရသည်ဟု ဆိုသည့် စိုက်ပျိုးရေးထုတ်ကုန် ကျဆင်းလာသည့်နောက်တွင် တစ်ခါက ပြောင်းဖူး အကြီးအကျယ်တင်ပို့သည့် ဇင်ဘာဘွေနိုင်ငံမှာ အစဉ်သဖြင့် စားနပ်ရိက္ခာ တင်သွင်းနေရသည့် နိုင်ငံဖြစ်လာခဲ့ရသည်။

ယခုနှစ်တွင် မိုးခေါင်မှုမှာ ရိတ်သိမ်းရာသီ အထွက်နှုန်းကျဆင်းရသည့် အဓိကအကြောင်းရင်းဖြစ်ခဲ့ပြီး တောင်ပိုင်းအာဖရိကနောင်ငံများဖြစ်သည့် မာလာဝီ၊ ဇင်ဘာဘွေ၊ နမီးဘီးယားနှင့် ဘော့ဆွာနာနိုင်ငံများမှာ မိုးခေါင်မှုဒဏ် အခံရဆုံးဖြစ်ခဲ့သည်။

ဒေသ စုစုပေါင်းလူဦးရေ ၂၉၂သန်းအနက် ၂၇.၄သန်း၊ တစ်နည်းအားဖြင့် လူ၁၀ယောက်လျှင် တစ်ယောက်နှုန်းမှာ ယခုနှစ်ကုန်အထိ ပြည်ပမှ စားနပ်ရိက္ခာအကူအညီအပေါ်တွင်သာ မှီခိုင်နေကြရတော့မည်ဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly