မြန်မာအမျိုးသားကွန်ဂရက်ပါတီ ၏ မူဝါဒ သဘောထား

မြန်မာအမျိုးသားကွန်ဂရက်ပါတီ ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၂၁ ။         ။ မြန်မာအမျိုးသားကွန်ဂရက်ပါတီဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်က ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၂၁ ရက်နေ့ ညပိုင်း ကရေဒီယိုနှင့် ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မြန်မာပြည်သူလူထုအပေါင်း တို့မြန်မာအမျိုး သားကွန်ဂရက်ပါတီရဲ့ အနာဂတ် မြန်မာနိုင်ငံတော် တည်ဆောက်ရေးမှာ မဖြစ်မနေဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်နဲ့ သဘော တရားတွေကို တင်ပြချင်တယ်။

တိုင်းပြည်ကို အမှန်တကယ်ပြောင်းလဲတိုးတက်စေဖို့နဲ့ ပြဿနာတွေကို အမှန်တကယ်ပြေလည်စေဖို့ တိကျခိုင်မာပြတ်သားတဲ့ မူဝါဒမရှိဘဲနဲ့ ဒီတိုင်းပြည်ကို ဦးဆောင်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့က ယုံကြည်တယ်။

ဒီယုံကြည်ချက်ကြောင့် ပြောသင့်တာကို ပြောမယ်။

ချီးကျူးသင့်တာကို ချီးကျူးမယ်။

ဆန့်ကျင်ကန့်ကွက်သင့်တာကို ဆန့်ကျင်ကန့်ကွက်မယ်။

ဒီအတွက် ကျွန်တော်တို့ပါတီကို ကြိုက်ရင် မဲပေး၊ မကြိုက်ရင်မဲမပေး ပါနဲ့။

မြန်မာပြည်သူလူထုအပေါင်းတို့-

ဒီကနေ့ ဒီမိုကရေစီအရေး အပြောင်းအလဲတွေကို ရွေးကောက်ပွဲ နည်းလမ်းနဲ့ ညင်သာချောမွေ့တဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်ကို တွန်းတင် ပေးလိုက်နိုင်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပဲ။

မိမိတို့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အာဃာတအမုန်းတရားတွေကို အရင်းခံပြီး တိုင်းပြည်အတွက် စိတ်ကောင်းစေတနာကောင်းနဲ့ တည်ဆောက်ထား တာမှန်သမျှ မကောင်းလိုက်ပြောနေတတ်တဲ့ နိုင်ငံရေး အလုပ်မျိုးကို မြန်မာ အမျိုးသားကွန်ဂရက်ပါတီက ဘယ်တော့မှလုပ်မှာမဟုတ်ဘူး။

တိုင်းပြည်မှာ အမှန်အတိုင်းမြင်တာကို အမှန်အတိုင်းပြောမယ်။

ခင်ဗျားတို့၊ ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်သာ အခု မကြာခင်မှာ ကျင်းပတော့ မယ့် ၂၀၁၅ ရွေးကောက်ပွဲကို ခင်ဗျားတို့ ကျွန်တော်တို့  ကြုံကြိုက်ရတာ ဖြစ်တယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်သာ တိုင်းပြည်ရဲ့အနာဂတ် ဘယ်လိုဖြစ်သင့်သလဲဆိုတာကို ခင်ဗျားတို့ ကျွန်တော်တို့ အငြင်းပွားခွင့်ရ ရှိနေကြတာဖြစ်တယ်။

သမိုင်းရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အတူ တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီမိုကရေစီရေး အသွင်ကူးပြောင်းနိုင်ဖို့ စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်သူအဖြစ် ဗိုလ်ချုပ်မှုးကြီးသန်းရွှေကို မြန်မာအမျိုးသားကွန်ဂရက်ပါတီက အသိအမှတ်ပြု မှတ်တမ်းတင်ထားတယ်။

အကယ်၍မြန်မာတို့ရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ပြီးမြောက် အောင်မြင်သည်အထိ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ လမ်းကြောင်းပေါ်ကနေ ဆောင်ရွက်သွားနိုင်ကြမယ်ဆိုရင် သူဟာပြည်သူတစ်ရပ်လုံး ရဲ့ကျေးဇူးတင် ချီးကျူးဂုဏ်ပြုခံထိုက်သူအဖြစ် ကျွန်တော်တို့အားလုံးက လက်ခံကြရမှာပဲ ဖြစ်တယ်။

ကျွန်တော်တို့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လာမယ့်ဆယ်စုနှစ်အတွင်းမှာ ဘာမှကြီးကြီးမားမား ပြင်ဆင်ပြောင်းလဲဖို့ ကြိုးစားမှာ မဟုတ်ဘူး။

ဒီဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းကပဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်တဲ့အချက်တွေကို ကျွန်တော်တို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်။

ဒီအတွက် ကျွန်တော်တို့ပါတီကို ကြိုက်ရင်မဲပေး၊ မကြိုက်ရင်မဲမပေးပါနဲ့။

မြန်မာပြည်သူလူထုအပေါင်းတို့-

ဒီနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက မဖြစ်မနေ တည်ဆောက်ရမယ့် အရာဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရးဆိုင်ရာကိစ္စပဲဖြစ်တယ်။

မြန်မာနိုင်ငံရဲ့ တပ်မတော်ဟာ ကမ္ဘာ့အလယ်မှာ ခံ့ညားအားကောင်းနေဖို့လိုအပ်တယ်။ တပ်မတော်အင်အားကောင်းဖို့ဆိုတဲ့ကိစ္စမှာ ကျွန်တော် ခပ်ရှင်းရှင်းပြောချင်တာရှိတယ်။

တချို့က တိုင်းပြည်ကိုချစ်လို့၊ စစ်ထဲဝင်တယ်၊ တချို့က ဗိုလ်ဖြစ်ချင်လို့စစ်ထဲဝင်တယ်၊ တချို့ ထမင်းငတ်လို့ စစ်ထဲဝင်တယ်။ ဒါပေမယ့် ဒီသုံးမျိုး လောက်နဲ့တိုင်းပြည်ရဲ့ စစ်အင်အားဟာ မလုံလောက်သေး ဘူး။ တပ်မတော်အင်အားကို တိုးချဲ့ဖို့လိုတယ်။

ဒီအတွက် လက်ရှိတပ်မတော်မှာသာမကဘဲ မြန်မာနိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်။

စစ်မှုမထမ်းမနေရကိစ္စကို မြန်မာတစ်မျိုးသားလုံး တက်တက်ကြွကြွ ပူးပေါင်းပါဝင်ပြီး အမျိုးသားအဆင့် အမြန်အကောင်အထည်ဖော်ဖို့လိုတယ်။

ဒီအတွက် မြန်မာနိုင်ငံမှာ ခေတ်မီအားကောင်းတဲ့ စစ်သားတစ်သန်း အနည်းဆုံးရှိရမယ်။

ဒါဆို ဘယ်တိုင်းပြည်ကမှ လာစော်ကားဝံ့မှာ မဟုတ်ဘူး။

ဒါကြောင့် မြန်မာ့တပ်မတော်ရဲ့ စစ်ရေးစွမ်းရည်ကို ပိုမိုတိုးချဲ့ပြီးမြန်မာ့တပ်မတော်ရဲ့ နိုင်ငံရေးဆိုင်ရာ အခန်းကဏ္ဍကို တဖြည်းဖြည်းဆုတ်ခွာ ပေးရမယ်။

မြန်မာနိုင်ငံကို ဒီလိုအင်အားကြီးလာအောင် မြန်မာအမျိုးသားကွန်ဂရက် ပါတီက တက်ကြွစွာ ကြိုးပမ်းမယ်။

ဒီအတွက် ကျွန်တော်တို့ ပါတီကို ကြိုက်ရင် မဲပေး၊ မကြိုက်ရင် မဲမပေးပါနဲ့။

မြန်မာပြည်သူလူထုအပေါင်းတို့-

၇၀ နီးပါးဖြစ်နေရတဲ့ ပြည်တွင်းစစ်ကြောင့် ကျွန်တော်တို့တိုင်းသူပြည်သားတွေဟာ စိတ်ရောကိုယ်ပါ ဆင်းရဲနေကြရတယ်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် အလွန်ညင်သာချောမွေ့တဲ့ နည်းလမ်း တွေနဲ့ လက်ရှိအစိုးရက ကြိုးပမ်းနေတာဟာ ချီးကျူးစရာပဲဖြစ်တယ်။

ဒါပေမယ့် ဒီကိစ္စဟာ

အစိုးရနဲ့ လူမျိုးစုလက်နက်ကိုင်တို့အကြား၊ တပ်မတော်နဲ့ လူမျိုးစုလက်နက်ကိုင်တို့အကြား ပြဿနာသက်သက်မဟုတ်ဘူး။

ဒီပြဿနာကို နိုင်ငံရေးသမားတွေကလည်း သူတို့ပဲသိတယ်ထင်နေကြတယ်။

တပ်မတော်ကလည်း သူတို့ကပဲဖြေရှင်းပေးရမယ့်ပြဿနာလို့ ထင်နေ တယ်။

တကယ်တော့ ဒီပြဿနာဟာ

မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ ပြဿနာသာဖြစ်တယ်။

ပြည်သူတစ်ရပ်လုံးက လက်နက်ကိုင်များအပေါ် ဥပဒေကြောင်းအရရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပေးလိုက်ပါလို့ ဆိုလာရင် ကျွန်တော် တို့က ပြည်သူ့မျက်နှာကြည့်ပြီး မဖြစ်ဖြစ်အောင်လုပ်ပေးမယ်။

ဒါမှမဟုတ်ဘဲ ပြည်သူက လက်နက်ကိုင်များအပေါ် စိတ်ပျက်ငြီးငွေ့ပြီး အပြုတ်တိုက်ဖို့တောင်းဆိုလာရင်

ကျွန်တော်တို့က တစ်ယောက်မကျန် မပြုတ်တိုက်မယ်။

ဒီအတွက် ကျွန်တော်တို့ပါတီကို ကြိုက်ရင် မဲပေး၊ မကြိုက်ရင် မဲမပေးပါနဲ့။

မြန်မာပြည်သူလူထုအပေါင်းတို့-

နောက်တစ်ချက် အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုကတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ နိုင်ငံသာဖြစ်မှုဆိုင်ရာ ကိစ္စပဲဖြစ်ပါတယ်။

ကျွန်တော်တို့ တိုင်းပြည်မှာ နိုင်ငံရေးသမား နှစ်မျိုးရှိတယ်။

တစ်မျိုးက ဒီနိုင်ငံကို မိမိနေထိုင်တဲ့အိမ်လို့ သဘောထားတယ်။

နောက်တစ်မျိုးက ဒီနိုင်ငံကို သာလာယံဇရပ်လို့ သဘောထားတယ်။

ကျွန်တော်တို့က ဒီနိုင်ငံကို ကိုယ့်အိမ်လို့ သဘောထားတယ်။

အဲဒီတော့ ဒီနိုင်ငံမှာ ဘယ်သူတွေ ရှိသင့်တယ်၊ မရှိသင့်ဘူးဆိုတာကို ကျွန်တော်တို့က ကိုယ့်အိမ်လို သဘောထားပြီး ဆုံးဖြတ်မယ်။

ဒီတော့ လမ်းထိပ်ကအိမ်က အရက်မူးသမားကို အိမ်ပေါ်ခေါ်တင်ထားလို့ ကျွန်တော်တို့ကလည်း ဒါမျိုးခေါ်တင်ထားဖို့ မဖြစ်နိုင်ဘူး။ လမ်း

ဟိုဘက်ကအိမ်က ကလေးတစ်ယောက်ကို သနားလို့ သူ့အိမ်ပေါ်ခေါ်ပြီး ထမင်းကျွေးထားလို့လည်း ကျွန်တော်တို့က လိုက်လုပ်ချင်မှ လုပ်နိုင်မယ်။

ကျွန်တော်တို့အိမ်ရဲ့အရေးကို မိမိတို့ရဲ့နှစ်ကာလရှည်ကြာရှိနေတဲ့ ဓလေ့ထုံးစံ၊ အစဉ်အလာတွေအရသာ ဆောင်ရွက်မယ်။

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ဟာ ဘယ်နိုင်ငံရဲ့ စံချိန်စံညွှန်းနဲ့ မှ ညှိနှိုင်းနေမှာ မဟုတ်ဘူး။

ဒါကျွန်တော်တို့အိမ်။

ကျွန်တော်တို့အိမ်အတွက် အသင့်လျော်ဆုံးဥပဒေကို ကျွန်တော်တို့ ဘာသာ ဆုံးဖြတ်မယ်။

ဒီအတွက် ကျွန်တော်တို့ပါတီကို ကြိုက်ရင်မဲပေး၊ မကြိုက်ရင် မဲမပေး ပါနဲ့။

မြန်မာပြည်သူလူထုအပေါင်းတို့ကျွန်တော်တို့

မြန်မာတွေဟာ ဉာဏ်ကောင်းတယ်။

လုပ်ရည်ကိုင်ရည်ရှိတယ်။

ကျွန်တော်တို့မှာ သယံဇာတ ပေါကြွယ်ဝတုန်းပဲ။

နှစ်ကာလအကြာကြီး နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ လုံးပန်းနေခဲ့ရ လို့သာ တိုင်းပြည်က တိုးတက်သင့်သလောက် မတိုးတက်ခဲ့တာဖြစ်တယ်။

နိုင်ငံရေးတည်ငြိမ်ဖို့ ပြည်သူတစ်ရပ်လုံးက တက်တက်ကြွကြွ ပူးပေါင်း ပါဝင်ကြမယ်ဆိုရင် တိုင်းပြည်က စီးပွားရေးကို ကောင်းကောင်းလုပ်နိုင်မယ်။

တိုင်းပြည်မှာ အာဃာတစစ်ပွဲတွေမရှိတော့ရင် ကလေးတွေ ပညာ

ကောင်းကောင်းသင်နိုင်မယ်။

နိုင်ငံရေးတည်ငြိမ်တဲ့အခါ အမှန်တကယ် ကြိုးစားချင်စိတ်ရှိတဲ့သူတွေကို မြေတောင်မြှောက်ပေးနိုင်ရင် တိုင်းပြည်ရဲ့ သိပ္ပံတိုးတက်မယ်။

ဒီတော့ စောစောက ပြောခဲ့တဲ့အချက်တွေကိုသာ အမှန်တကယ်ဆောင်ရွက်မယ်ဆိုရင် မြန်မာဟာ အာရှမှာ တစ်မုဟုတ်ချင်း အောင်မြင်တိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ကိုဖြစ်သွားစေရမယ်လို့ ကျွန်တော်တို့အာမခံတယ်။

မြန်မာအမျိုးသားကွန်ဂရက်ပါတီက ရွေးကောက်ပွဲမှာနိုင်ခဲ့ရင် ပါတီရဲ့ လွှတ်တော်အမတ်တွေကို အသေအချာ စောင့်ကြည့်ကြပါ။

သက်ဆိုင်ရာ အနိုင်ရ နယ်မြေတွေမှာ တစ်နှစ်အတွင်း သိသာထင်ရှားတဲ့ ပြောင်းလဲတိုးတက်မှု ဖြစ်မလာဘူးဆိုရင် ချက်ချင်းနှုတ်ထွက်ပေးမယ်လို့ တိုင်းပြည်ကို ကတိပေးနိုင်တယ်။

မြန်မာနိုင်ငံအောင်မြင်ဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ်။

ဒါပါပဲ။

မြန်မာ့အမျိုးသားကွန်ဂရက်ပါတီ

 ၁။  ပါတီအမည်  -  မြန်မာ့အမျိုးသားကွန်ဂရက်ပါတီ
 ၂။  ပါတီအမည်(English)  -  Myanmar National Congress
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂၁.၁၁.၂၀၁၁
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၈ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးကောင်းမြင့်ထွဋ်၊ ဦးတင်အေး
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂၀.၁၂.၂၀၁၁
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၃.၁.၂၀၁၁
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၃.၁.၂၀၁၁
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၅၀)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးကောင်းမြင့်ထွဋ်၊ ဦးတင်အေး(ထွေ/မှုး)
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၈၄-က)၊ ဒေါ်သိန်းတင်လမ်း၊ ကန်တော် လေးမြောက်ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၄၉၂၈၀၀၉၇ (ဦးကောင်းမြင့်ထွဋ်)၊ ၀၁-၃၉၄၈၂၈၊ ၀၁-၃၉၁၁၅၈(ရုံး)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly