မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၏ မူဝါဒ သဘောထား

မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၂၁ ။         ။ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးဇင်အောင်က ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၂၁ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။ အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

လူတိုင်းလူတိုင်းဟာ ကိုယ့်သမိုင်းကိုယ်ရေးသေလို လူတိုင်းမှည သမိုင်းကိုယ်စီရှိကြပါတယ်။ ထိုနည်းအတူ ပါတီတိုင်း၊ အဖွဲ့အစည်းတိုင်းမှာလည်း သမိုင်းကိုယ်စီရှိကြပါတယ်။ ကောင်းတာ လုပ်ရင်ကောင်း တဲ့သမိုင်း၊ မကောင်းတာလုပ်ရင် မကောင်းတဲ့သမိုင်းရှိနေပါတယ်။ သမိုင်းကို မြေမြှုုပ်ဖျောက်ဖျက်ပစ်ရန်မရပါ။ ထိုအဆိုကို အဓိပ္ပာယ်လွဲမှားစွာ ကောက်ယူပြီး သမိုင်းကို တူးဆွဖြေရှင်းကြစတမ်းဆိုရင် အတိတ်သမိုင်းမှာပဲ တဝဲလည် လည်ဖြစ်ကာ ရှေ့ဆက်ဖို့ ခက်ခဲသွားမှာပါ။ သမိုင်းဆိုတာ သင်ခန်းစာယူပြီး အသိအမှတ်ပြုဖို့ပဲဖြစ်တယ်။ သမိုင်းကို လေးစားတန်ဖိုးထားဖို့ လိုပါတယ်။ လူတိုင်းတန်ဖိုး ထားခြင်းက လူ့အဖွဲ့စည်းရဲ့ ယဉ်ကျေးမှုအဆင့်တန်းကို မြှင့်တင်နိုင်တဲ့ မောင်းနှင်အားတစ်ခုဖြစ်စေပါတယ်။ နိုင်ငံရေး ပဋိပက္ခအတွင်း နစ်နာခဲ့သူများ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ နစ်နာဆုံးရှုံးခဲ့မှုများ ကိုတရားမျှတရေးအတွက် ကြိုးပမ်းသွားပါမည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီတော်လှန်ရေးနှင့်အတူ မွေးဖွားလာတဲ့လူ့ဘောင်သစ်ရဲ့ အဓိကနိုင်ငံရေးမူဟာ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတွင် ရှိသော မည်သည့်အာဏာရှင် စနစ်မျိုးကိုမဆိုတော်လှန် ဆန့်ကျင်သွားမယ် ဆိုတဲ့ မူဝါဒချမှတ်ပြီး ကျောင်းသားပါတီအဖြစ် လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ဘဝကို စွန့်လွှတ် စွန့်စားပင် ပေးဆပ်ခဲ့သူတွေလည်း ဖြစ်ပါသည်။

ထိုသို့ဖြတ်သန်းခဲ့သည့်သမိုင်းကို လေးစားသောအားဖြင့် ပြည်သူ လူထုကြားမှာ တရားဝင်ပြန်လည်ရှင်သန်နိုင်ရန်အတွက် လည်းကောင်း၊ ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေသော မိမိတို့လုပ်ဖော် ကိုင်ဖက်များ ပြည်တွင်းသို့ ဂုဏ်သိက္ခာရှိရှိ ပြန်လည်ဝင်ရောက်လာနိုင်ရန်အတွက် လည်းကောင်း၊ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော လုပ်ဖော်ကိုင်ဖက်များ ပြန်လည် လွတ်မြောက်ရန် အတွက်လည်းကောင်း ရည်ရွယ်ကာ၂၀၁၀ ခုနှစ်တွင် မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအဖြစ် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် အကြောင်းအမျိုးမျိုးကြောင့် ယှဉ်ပြိုင်ခြင်းမပြုခဲ့သည့်အတွက် ဖျက်သိမ်းခံခဲ့ရပြီး၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ တရားဝင်ပြန်လည်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပါသည်။

ယခုအခါ မူလလူ့ဘောင်သစ်အလံအောက်မှာ လူ့ဘောင်သစ်ပါတီနှင့် လူ့ဘောင်သစ်၏မူဝါဒများအတိုင်း ပေါင်းစည်းရေးအတွက် လက်မှတ်ထိုး သဘောတူညီထားပြီးဖြစ်သော်လည်း ကော်မရှင်ဥပဒေအရ ပါတီဝင်များ အသက်ဆက်နိုင်ရန် မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအမည်ဖြင့်ရွေးကောက်ပွဲဝင်ရခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ပါတီ၏ အဓိကနိုင်ငံရေးမူမှာ လွတ်လပ်ရေး၊ တရားမျှတရေး၊ ငြိမ်းချမ်းရေး၊ အေးတူူပူအမျှ အညီအမျှခံစားနိုင်ရေးဖြစ်ပြီး ဘယ်ပါတီအာဏာရရ၊ ညွန့်ပေါင်းပဲဖြစ်လာဖြစ်လာ ပြည်သူလူထုကိုယ်စား အကောင်းဆုံးအတိုက်အခံပါတီ်အဖြစ် ရပ်တည်သွားဖို့ သန္တွဋ္ဌာန်ချထား ပြီးဖြစ်ပါသည်။

ကျွန်တော်တို့ပါတီ၏ အထိမ်းအမှတ်သင်္ကေတ၏ အနက်အဓိပ္ပာယ်မှာ အနီရောင်အောက်ခံပေါ်မှကြယ်ဖြူသည် ဒီမိုကရေစီတော်လှန်ရေးမှ မွေးဖွား လာသော အဓိပ္ပာယ်ကိုဖော်ဆောင်ထားပြီး အရွယ်တူ ကြယ်ဖြူငါးလုံး တစ်ပြေးညီတပ်ထားခြင်းမှာ အလုပ်သမား၊ လယ်သမား၊ အသိပညာရှင်၊အတတ်ပညာရှင် တပ်မတော်မိသားစုများ၊ တိုင်းရင်းသားများကို ကိုယ်စားပြု ၍ လူတန်းစားအလွှာငါးလွှာ၏ အရေး ပါမှု၊ တန်းတူတူညီမျှမှုတရား မျှတမှုကိုအခြေခံရည်ညွှန်း၍ ဖွံ့ဖြိုးတိုးတက်သောလူ့ဘောင်သစ်သို့ ချီသွားရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။

စီးပွားရေးမူ

Globalization  ခေါ်ကမ္ဘာအနှံ့ဖြစ်စဉ်တွင် ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာကဲသို့ နိုင်ငံအချင်းချင်း ဆက်စပ်နေပြီး ချက်ချင်းဆိုသလို ခေါ်နိုင်ပြောနိုင် ကြားနိုင်သောခေတ်ကာလ ကိုရောက်ရှိနေ ပြီဖြစ်သည့် အတွက် လူသုံးကုန်ပစ္စည်း၊ စားကုန်ပစ္စည်းမှနန်သမျှသည် ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင် နေကြရပါသည်။

ဈေးကွက်၌ ကုန်ပစ္စည်း၏ အရည်အသွေး Quality  သည် ဝယ်လိုအား Demand  ကို ဖြစ်ပေါ်စေပါသည်။ Demand  ရှိလျှင်  Supply က အလိုအလျောက် ဖြစ်ပေါ်လေ့ရှိပါသည်။ ဒါကြောင့် အရာရာတိုင်း မှာအရည်အသွေးကို ဦးစားပေးမြှင့်တင်ဖို့လိုပါသည်။ ကျွန်တော်တို့ပါတီ၏မှုမှာ အရည်အသွေးက ပထမ အရေအတွက်က ဒုတိယ ဦးစားပေးမူဝါဒ ချမှတ်ထားပါသည်။

စစ်မှန်သော ဈေးကွက်စီးပွားရေးစနစ်သည် အရာရာတိုင်းတွင် အပြေး ပြိုင်သလို ယှဉ်ပြိုင်နေရပါသည်။ ယုန်နဲ့လိပ် အပြေးပြိုင်တဲ့အခါ ကုန်းပေါ်မှာ ယုန်ကနိုင်ပြီး ရေထဲဖြတ်တဲ့ခရီးလမ်းမှာ လိပ်ကနိုင်ပါ တယ်။ ကိုယ်နိုင်ခြေ ရှိတဲ့ ခရီးလမ်းကြောင်းကို ဦးစားပေးရွေးချယ်ရပါမည်။ ကျွန်တော်တို့နိုင်ငံသည် မြေနှင့်သယံဇာတပေါများကြွယ်ဝသည့်အတွက် မြေနှင့်သယံဇာတ ထုတ်ကုန်များ၏ အရည်အသွေးကောင်းမွန်ရန်အတွက် အဓိကထား ရင်းနှီးမြှုပ်နှံသွားပါမည်။ ငွေကြေးစီးဆင်းမှုစနစ်ကို ပြောင်းလဲပစ်ရပါမည်။ တိုင်းပြည်စီးပွားရေးစနစ်သည် လူသားအရင်းအမြစ်ပေါ် အခြေခံသည့် စီးပွားရေးစနစ်ဖြစ်ရပါမည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အောင်နိုင်မည့်သူသည် ကလေးသူငယ် များဖြစ်စေဖို့ တောင်းဆိုကြပါစို့ဆိုတဲ့ ခေါင်းစဉ်နှင့် unicef က ဦးဆောင်ကာပါတီခေါင်းဆောင်တွေကို တွေ့ဆုံပြီး လှိုင်သာယာ ၊ရွှေပြည်သာကကလေးသူငယ်တွေရဲ့ စိတ်လှုပ်ရှားဖွယ်ရာ ဖျော်ဖြေတင်ဆက်မှုအစီအစဉ်တွေနဲ့ ကျွန်တော်တို့ကို ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြခဲ့တဲ့အတွက် ကျွန်တော်တို့ပါတီအနေနဲ့ အနာဂတ်ကိုပိုင်ဆိုင်ထားတဲ့ ကလေးသူငယ် တွေရဲ့အရေးကို အဓိကဦးစားပေးဆောင်ရွက်သွားဖို့ကိုလည်း ဆုံးဖြတ်နိုင်ခဲ့ပါသည်။ ကလေးသူငယ်များသည် မြန်မာနိုင်ငံလူဦးရေ၏ ၃၄ % ကို ကိုယ်စားပြုလျက်ရှိပါသည်။

ကောက်ယူထားသည့် စစ်တမ်းများအရ -

- အသက ် (၅)နှစ်မှ  (၁၈)နှစ်ကြားရှိ ကလေးသူငယ် ၄.၄ သန်း သည် ကျောင်းမတက်ကြတော့ပါ။ (၃၆%)

- အသက်(၁၀)နှစ်မှ (၁၈)နှစ်ကြားရှိ ကလေးငယ် ၁.၆ သန်းသည် အလုပ် လုပ်နေကြရပါသည်။ (၂၁%)

- ၁၀ သန်းသော ကလေးငယ်များသည် ဆင်းရဲခြင်းသံသရာတွင် နေထိုင်လျက်ရှိပါသည်။ (၆၀%)

- အသက်(၅)နှစ်အောက် ကလေးသေနှုန်းသည် အရှင်မွေးကလေး၁၀၀၀ တွင် ၇၂ ယောက်နှုန်းဖြစ်ပြီး အာဆီယံဒေသအတွင်း နိုင်ငံများအကြား အမြင့်ဆုံးဖြစ်ပါသည်။

- ၅ သန်းသော ကလေးငယ်များသည် သန့်ရှင်းသော သောက်သုံးရေသုံးစွဲနိုင်ခြင်းမရှိကြပါ။ (၂၉%)

- ၂.၃ သန်းသော ကလေးငယ်များသည် အိမ်သာသုံးစွဲနိုင်ခြင်း မရှိကြပါ။ (၂၅%)

- မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့်ပညာရေးတွင် ဘဏ္ဍာငွေသုံးစွဲမှုပမာဏသည ်အာဆီယံဒေသတွင်း နိုင်ငံများအကြား အနည်းဆုံးဖြစ်ပြီး လူမှုရေးကဏ္ဍများတွင် ဘဏ္ဍာငွေသုံးစွဲမှုသည် ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု၏ ၃% သာ ရှိပါသည်။ ထို့ကြောင့်၂၀၁၇ ခုနှစ်တွင် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍများ အတွက် နိုင်ငံတော်၏ဘတ်ဂျက်ကို ၉ % မှ ၁၅ % သို့ တိုးမြှင့် သွားရန်ဆောင်ရွက်မည်။

ပညာရေး

ဘက်စုံပညာရေးစနစ်ကို ကျင့်သုံးသွားပါမည်။ အတတ်ပညာ၊ အသိ ပညာနှစ်မျိုးစလုံး ပြုစုပျိုးထောင်သင်ကြားပေးမည့် ပညာရေးစနစ်ဖြစ်ရပါမည်။ ပညာသင်ကြားနိုင်ရန် အခမဲ့ပညာရေးစနစ်အပြင် မသင်မနေရအခြေခံမူလတန်းပညာ သင်ယူစဉ်ကလေးများကို အခမဲ့ ကျွေးမွေးစောင့်ရှောက်ရေးစနစ်ကို ကျင့်သုံးသွားပါမည်။

တရားမျှတမှု၊ လွတ်လပ်မှုမဟုတ်မခံ မမှန်တာမလုပ်သည့် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှင်သန်စေရန် ပညာရေးစနစ်တွင် ထည့်သွင်းလေ့ကျင့်ပေးရပါမည်။ (Team Work)  အဖွဲ့အစည်း အဝန်းအဝိုင်းဖြင့် ဆောင်ရွက်နိုင်သည့်စိတ်ဓာတ်များ ပြုစုပျိုးထောင်နိုင်ရန်ကျောင်းသားသမဂ္ဂကို  တရားဝင်ခွင့်ပြုမည်။ ပညာရေးတွင် ပညာရပ်အားလုံးကို အလင်းရောင်ပေးထားရပါမည်။

ဘာသာရေး၊ နိုင်ငံရေး၊ အမှောင်ချထားသည့် ပညာရေးမဖြစ်စေရန် ဘာသာရေး၊ နိုင်ငံရေးကန့်သတ်ထားသည့် ပညာရေးမူဝါဒကို ဖျက်သိမ်းသွားမည်။

ကျန်းမာရေး

မိခင်နှင့်ကလေးများ အခမဲ့ဆးဝးကုသခွင့်အတွက် ဆောင်ရွက်နေသော unicef နိုင်ငံတကာအဖွဲ့အစည်းများအပါအဝင် စုပေါင်းရေးဆွဲထားသောစီမံချက်များ အကောင်အထည်ပေါ်လာရန် ဆောင်ရွက်သွား မည်။ နိုင်ငံသားတိုင်းမျှတသော ကုန်ကျစရိတ်သက်သာသော ဆေးဝါးကုသခွင့်ရရှိစေရန် ကျန်းမာရေးအသုံးစရိတ်ဘတ်ဂျက်ကို ပိုမိုသုံးစွဲသွားမည်။

ကျန်းမာရေးတွင် ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးအပိုင်းနှစ်ပိုင်းရှိသည့်အနက် ကြိုတင်ကာကွယ်ရေးကိုလည်း အလေးထားဆောင်ရွက်သွားပါမည်။

ဘေးဥပဒ်အန္တရာယ်ရှိသော စားသောက်ကုန်ပစ္စည်းမှန်သမျှကို ပြည်ပ ကဖြစ်စေ၊ ပြည်တွင်းကဖြစ်စေ၊ သိုလှောင်ခြင်း၊ ဖြန့်ချိခြင်း၊ ထုတ်လုပ်ခြင်းမှန်သမျှကို အပြင်းအထန် ထိရောက်စွာ ကာကွယ်တားဆီး အရေးယူသွားမည်။

လူကိုဘေးဖြစ်စေသော အရည်အသွေးမမီသည့် အရက်စက်ရုံများကို ဖျက်သိမ်းတားမြစ်မည်။

လူကိုဘေးဖြစ်စေသော မူးယစ်ဆေးဝါးများ၊ ပြည့်တန်ဆာလုပ်ငန်းများကို ပိတ်ပင်တားဆီးသွားမည်။

လူကိုဘေးအန္တရာယ်ဖြစ်စေပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသော ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မှုကို ဖျက်သိမ်းမည်။

ကုသရေးပိုင်းတွင် ဆေးရုံဆေးပေးခန်းများလိုအပ်သလို တိုးချဲ့ ဆောက်လုပ်ပေးသည့်အပြင် နယ်လှည့်ဆေးဝါးကုသသည့် နည်းစနစ်ဆောင်ရွက်မည်။

လယ်သမားအရေး

မြန်မာနိုင်ငံ လယ်မြေနှင့်သယံဇာတ ပေါကြွယ်ဝသည့်အတွက် မြန်မာ့စီးပွားရေးသည် မြေသယံဇာတထွက်ကုန်များပေါ်တွင် အခြေခံပြီး အခြားစက်မှုလုပ်ငန်းမျာကိုဖွံ့ဖြိုး တိုးတက်စေရမည် ဆိုသည့် မူဝါဒနှင့်အညီ မြေသယံဇာတ ထုတ်ကုန်များကို အရည်သွေးကောင်းမွန်စေရန် အဓိကဦးစားပေးဆောင် ရွက်သွားမည်။ ကမ္ဘာ့ဈေးကွက်တွင် လယ်ယာထုတ်ကုန်ပစ္စည်းများ အရည်အသွေးပြည့် အဆင့်အတန်းပြည့်မီရန် လယ်သမားများကို နည်းပညာများအပြင် လုံလောက်သော ရင်းနှီးမြှုပ်နှံမှုများအတွက် လုံလောက်သော ချေးငွေများတိုးမြှင့်ပေးသွားမည်။

လယ်သမားများသည် အာဏာနိုင်ငံရေးကို မက်မောသူများ မဟုတ်ပါ။မိမိတို့ပိုင်ဆိုင်သော လယ်မြေပေါ်တွင် မက်မောခင်တွယ်ပြီး ငြိမ်းချမ်းရေးတိုင်းပြည်ဖွံ့ဖြိုးရေးကိုသာ လိုလားသူများဖြစ်ပါသည်။ အာဏာမလိုဘဲသြဇာရှိသည့် တစ်ခုတည်းသော တောင်သူလယ်သမား အသင်းအဖွဲ့ကို

ထူထောင်ကာ လယ်ယာမြေကုန်ထုတ်လုပ်ငန်းများအပေါ် ခေါင်းပုံဖြတ်သွေးစုပ်ခြင်းမှ ကာကွယ်နိုင်ရန် လယ်သမားများကိုယ်တိုင် ကမ္ဘာ့ဈေးကွက် တိုက်ရိုက်တိုးချဲ့ ရှာဖွေနိုင်ရန်အတွက် လယ်သမားများ သာလျှင် စုပေါင်းပိုင်ဆိုင်သော တောင်သူလယ်သမား ဘဏ်ပေါ်ပေါက်လာရန် ကြိုးပမ်းသွားမည်။

ကျေးလက်ဒေသတွင် တိုးပွားလာသော မိသားစုများအတွက် အိုးမဲ့အိမ်မဲ့မရှိစေရန် အိမ်ရာမြေများကို အခမဲ့တိုးချဲ့ဆောက်လုပ်ပေးသွားမည်။

အလုပ်သမားရေးမူဝါဒ

မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် အလုပ်သမားသမဂ္ဂများ ပေါ်ပေါက်ရေးအတွက် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပေါ်လာသော အလုပ်သမားသမဂ္ဂများကို အလုပ်ရှင်များက စင်ပြိုင်အလုပ်သမား သမဂ္ဂများဖွဲ့စေပြီး ဟန့်တားနှောင့်ယှက်ခြင်းကို ထိရောက်စွာတားမြစ်အရေးယူ သွားမည်။ အလုပ်သမားများ၏ အနည်းဆုံးလုပ်အားခကို အာဆီယံဒေသ အလုပ်သမား၏ အနည်းဆုံး လုပ်ခနှင့်ညီမျှအောင် အလုပ်သမားှများ ဆန္ဒပြတောင်းစရာမလိုအောင် ဆောင်ရွက်သွားမည်။ အနည်းဆုံး လုပ်အားခကိုပင် မပေးနိုင်သော ကုန်ထုတ်စက်ရုံများကို ဖျက်သိမ်းပြီး ခေတ်မီကုန်ထုတ်စက် ကိရိယာအရင်းအနှီးများဖြင့် အစားထိုးဆောင်ရွက်သွားမည်။ လွတ်လပ်စစ်မှန်သော စီးပွားရေးပြိုင်ဆိုင်မှုကို ဆောင်ရွက်သွားမည်။ အလုပ်သမားများ၏ နေရေးထိုင်ရေးအတွက် အထပ်မြင့်အိမ်ရာ များဆောက်လုပ်ခြင်း၊ ကျန်းမာရေးအတွက် လူမှုဖူလုံရေးဆေးခန်းများကို လုံလောက်စွာ တိုးချဲ့သွားမည်။

နိုင်ငံတကာ အလုပ်သမားညီလာခံမှ ဆုံဖြတ်ချက်ချမှတ်ခဲ့သော အလုပ် သမားအခွင့်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များအတိုင်း လေးစားလိုက်နာရမည်။

လူမှုရေး၊ ဘာသာရေး

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၁တွင် နိုင်ငံတော်သည် ဗုဒ္ဓသာသနာတော်ကို နိုင်ငံတော်၏နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ် သည်ဟု နိုင်ငံတော်က အသိမှတ်ပြုသည့်အတိုင်း အသိအမှတ်ပြုပါသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၆၂တွင် နိုင်ငံတော်သည် ခရစ်ယာန် ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့်နတ်ကိုးကွယ်သော ဘာသာတို့ကို နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍  အသိအမှတ်ပြုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါပုဒ်မ ၃၄ ပါ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ မဆန့်ကျင်လျှင်နိုင်ငံ သားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သော အခွင့် အရေးများ လွတ်လပ်စွာကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေး

တို့ကို အညီအမျှ ရရှိစေရမည်။ ပြဋ္ဌာန်းထားသည့်အတိုင်း နိုင်ငံသားအားလုံးလေးစားလိုက်နာရမည်။ အသားအရောင် လူမျိုးရေးခွဲခြားပြီး လူသား မဆန်သော အစွန်းရောက်အယူအဆများကို ဆန့်ကျင် ပါသည်။

တိုင်းရင်းသားရေး

Decentralize ဗဟိုအစိုးရ၏ လုပ်ပိုင်ခွင့်အာဏာကို ဒေသအသီးသီးသို့ဖြန့်ဝေပေးရေးအတွက် အဓိကထား ဆောင်ရွက်သွားပါမည်။ တိုင်းရင်းသားများလိုလားသော (Federal) ဖက်ဒရယ်ပြည်ထောင်စုဖြစ်ရေးမူကို ကြိုဆိုထောက်ခံပါမည်။

တိုင်းရင်းသား ညီကိုမောင်နှမအချင်းချင်း အေးအတူပူအမျှ ဥမကွဲသိုက်မပျက် လက်တွဲကာ တရားမျှတမှု လွတ်လပ်ရေးငြိမ်းချမ်းရေးအတွက်လက်တွဲဆောင်ရွက်သွားမည်။

ကလေးသူငယ်များ အနိုင်ရဖို့

လူ့ဘောင်သစ်ကို မဲပေးစို့

မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

 ၁။  ပါတီအမည်  -  မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
 ၂။  ပါတီအမည်(English)  -  Democracy Party For Myanmar New Society
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂.၁၁.၂၀၁၁
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၈ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးဇင်အောင်၊ ဦးသိန်းထွန်း
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၆.၁၂.၂၀၁၁
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၂၃.၁၂.၂၀၁၁
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၁၆.၁.၂၀၁၁
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၄၉)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးဇင်အောင်၊ ဦးသိန်းထွန်း(ထွေ/မှုး)
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၆)၊ ထန်းပင်ကုန်းလမ်းမကြီး၊ ထန်းပင်ကုန်းရပ်ကွက်၊သန်လျင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉-၄၂၅၀၁၉၄၅၀ (ဥက္ကဋ္ဌ )၊ ၀၅၆-၂၁၉၈၀
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly