ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မူဝါဒ သဘောထား

ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၁၇ ။          ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအထွေထွေတွင်းရေးမှူး ဦးတင်နိုင်သိန်းက ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၁၆  ရက်နေ့ ညပိုင်းက ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

လေးစားချစ်ခင်အပ်ပါသော မိဘပြည်သူများခင်ဗျား -

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ဂါရဝပြုနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အထွေထွေအတွင်းရေးမှုး ဦးတင်နိုင်သိန်းဖြစ်ပါတယ်။

ကျွန်တော်တို့ပါတီဟာ ၂၀၁၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက် တင်မြှောက်ပွဲမှာ မိဘပြည်သူများရဲ့ ချစ်ခင်ယုံကြည်မှု၊ အားပေးထောက်ခံမှု ကြောင့် အစိုးရဲ့ဖွဲ့နိုင်ခဲ့တဲ့ပါတီဖြစ်ပါတယ်။ အဲ့ဒီအချိန်က တည်းက မိဘ ပြည်သူများရဲ့ ယုံယုံကြည်ကြည် မဲပေးအပ်နှင်းလိုက်တဲ့ နိုင်ငံ့တာဝန်တွေကို ဦးထိပ်ပန်ဆင်ပြီး ပြည်သူတွေအတွက် ပြန်လည်အလုပ် အကျွေးပြု ကျေးဇူးဆပ်နိုင်အောင် အစဉ်တစိုက် ကြိုးပမ်း အားထုတ်ဆောင်ရွက်ခဲ့ပါကြောင်း ဦးစွာတင်ပြအပ်ပါတယ်ခင်ဗျား။

မိဘပြည်သူများခင်ဗျား -

ပြည်သူတွေလိုလားနေတဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် စတင်ပြောင်းလဲပေး ခဲ့တဲ့အစိုးရဟာ ကျွန်တော်တို့ပါတီရဲ့ အစိုးရဖြစ်လို့ ''ဒီမိုကရေစီပြောင်းလဲမှု အစ ပြည်ခိုင်ဖြိုးက''လို့ ဆိုရမှာဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံအနေနဲ့  ဒီမိုကရေစီနိုင်ငံအဖြစ် ပြုပြင်ပြောင်းလဲတည်ဆောက်ရာမှာအဆင့်(၃)ဆင့်နဲ့ ကြိုတင်ပြင်ဆင်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

ပထမအဆင့်ဖြစ်တဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအကြိုပြင်ဆင်မှုအဆင့်တွင် ယခင်တပ်မတော်အစိုးရက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသားပြည်သူအလွှာပေါင်းစုံနဲ့ အချိန်ယူရေးဆွဲပြဋ္ဌာန်း ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပပေးပြီး လွှတ်တော်နဲ့အစိုးရဖွဲ့စည်းနိုင်အောင် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် ကြိုတင်ပြင်ဆင်စီစဉ်ပေးခဲ့ပါတယ်။

ဒုတိယအဆင့်ဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရန်အတွက် အသွင်ကူးပြောင်းရေးအဆင့်တွင် ပါတီဥက္တဋ္ဌ ဦးသိန်းစိန်အနေနဲ့ နိုင်ငံတော်သမ္မတတာဝန်စတင်ထမ်းဆောင်ကတည်းက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး

လုပ်ငန်းတွေကို ညင်သာချောမွေ့စွာနဲ့ အောင်မြင်အောင်ဖော်ဆောင်ပေး နိုင်ခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတကာက အသိအမှတ်ပြုမှုနဲ့အတူ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာဆက်ဆံရေးအခြေအနေဟာ သိသာ ထင်ရှားစွာ ပြောင်းလဲ တိုးတက်ခဲ့တာကို မိဘပြည်သူများအားလုံး သိရှိပြီးဖြစ်ပါတယ်။

တတိယအဆင့်ဖြစ်တဲ့ ဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးရင့်ကျက်ခိုင်မာသည့်အဆင့်ကိုမကူးပြောင်းမီ၊ ပြည်တွင်းပဋိပက္ခများနဲ့တိုင်းရင်းသား လူမျိုးစု ပြဿနာများစတဲ့ စိန်ခေါ်မှုများကြောင့် တည်ငြိမ်အေးချမ်းမှု ရရှိအောင် ဦးစားပေးဆောင်ရွက်ရန် လိုအပ်လာခဲ့ပါတယ်။

အထူးသဖြင့် နိုင်ငံတော်အစိုးရက အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့အတွက် တိုင်းရင်းသား အဖွဲ့အစည်း အားလုံးနဲ့တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာဆောင်ရွက် ခဲ့ပါတယ်။

ဆွေးနွေးပွဲရလဒ် အောင်မြင်မှုအဖြစ် နိုင်ငံရေးအခြေခံမှုနှစ်ခုဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခ များကို နိုင်ငံရေးနည်းလမ်းနဲ့ ဆက်လက်ဆွေးနွေအဖြေရှာဆွေးနွေးရန် ဆိုတဲ့မှုနဲ့ တိုင်းရင်းသားများရဲ့ တန်းတူ ရည်တူရှိမှု အတွက် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုကြီးကို ဝိုင်းဝန်းတည်ဆောက်ရေးဆိုတဲ့မူကိုသဘောတူညီချက်ရရှိခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို ကျွန်တော်တို့ပါတီအနေနဲ့မူအားဖြင့် သဘောတူပြီးဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပပြီး ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည် ထောင်စုတည်ဆောက်ရာတွင် လိုအပ်မည့် ဥပဒေအချက်အလက်များသာမက၊ ဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးရင့်ကျက်ခိုင်မာရေးအတွက် လိုအပ်မည့် ဥပဒေအချက်အလက်များကိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖြည့်စွက် ပြင်ဆင်ရန်မလွဲမသွေလိုအပ်လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်တွင်းငြိမ်း ချမ်းရေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ညှိနှိုင်းပြီးသည့် အချိန်အခါတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖြည့်စွက်ပြင်ဆင်ရေးအတွက် ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ယခုလို ပြည်တွင်းငြိမ်းချမ်းရေးမရရှိသေးမီ ပြည်တွင်းပဋိပကူ္ခများရှိနေဆဲကာလတွင် တပ်မတော်ဟာ လွှတ်တော်၊ အစိုးရ၊ တိုင်းရင်းသား ပြည်သူတို့နဲ့အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရမယ့် အဖွဲ့အစည်း တစ်ရပ်အဖြစ် ကျွန်တော်တို့ပါတီက ရှုမြင်ပါတယ်။

ထာဝရငြိမ်းချမ်းရေးရရှိပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းတဲ့အချိန်မှာတပ်မတော်ဟာ နိုင်ငံရေးထက် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကိုပြောင်းလဲထမ်းဆောင်သွားရမှာဖြစ်လို လွှတ်တော်အတွင်းနိုင်ငံရေး ဟာလည်း တဖြည်းဖြည်း ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

သို့မှသာလျှင် ''နိုင်ငံတော်ကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး''ဆိုတဲ့ ကျွန်တော်တို့ပါတီရဲ့ ရည်မှန်းချက်အတိုင်း တစ်နိုင်ငံလုံး အေးချမ်းသာယာပြီးစီးပွားရေး ဖွံ့ဖြိုးမှုနဲ့အတူဒီမိုကရေစီရှင်သန်ဖွံ့ဖြိုး ရင့်ကျက်ခိုင်မာတဲ့အဆင့်သို့ မလွဲမသွေရောက်ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။

နိုင်ငံအေးချမ်းသာယာရေးအတွက် ''စစ်မှန်သော ထာဝရငြိမ်းချမ်းရေးရရှိရန်''လိုအပ်သလို၊ နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရန်အတွက် ''ဖွံ့ဖြိုးးမှုအနည်းဆုံး နိုင်ငံအဖြစ်မှ လွတ်မြောက်ရေး''နဲ့ ''အလယ်အလတ် အဆင့်ဝင်ငွေရှိသော နိုင်ငံအဖြစ်သို့ရောက်ရှိရေး'' ကြိုးစားဆောင်ရွက်ရန် လိုအပ်ပါတယ်။ ဒီလုပ်ငန်းစဉ်များဟာ မြန်မာနိုင်ငံအနေနဲ့ မဖြစ်မနေ လုပ်ဆောင်ရမယ့်လိုအပ်ချက်များဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်ပါတီရဲ့ အဓိကဦးစားပေးတာဝန်အဖြစ် ပြည်သူများနဲ့အတူ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မိဘပြည်သူများခင်ဗျား -

ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်တဲ့နေရာမှာ ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရင့်ကျက်ခိုင်မာဖို့အတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဥပဒေ၊ နည်းဥပဒေတွေကို ခေတ်စနစ်နဲ့ကိုက်ညီအောင် လွှတ်တော်က ပြင်ဆင်ပြဋ္ဌာန်းရေးဆောင်ရွက်လျက် ရှိပါတယ်။

အစိုးရအဖွဲ့ကလည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ ယခင်ခေတ်ဟောင်းစနစ်ဟောင်းက လုပ်နည်းလုပ်ဟန်တွေကို ပြင်ဆင်ရန် လိုအပ်တဲ့အတွက် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များ အရှိန်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

မိမိတို့အစိုးရ စတင်တာဝန်ယူချိန်ကတည်းက တောင်သူလယ်သမားများရဲ့ လူမှုစီးပွားဘဝမြင့်မားရေးကို ဦးတည်ပြီး ''ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းစဉ်များ''ကို အရှိန်အဟုန်မြှင့် တင်ဆောင်ရွက်ခဲ့ပါတယ်။ ဆက်လက်ပြီး တောင်သူလယ်သမားများအတွက် အနာဂတ်ဘဝအာမခံချက်ရအောင် ဥပဒေများပြဋ္ဌာန်းပြီး အကောင်အထည်ဖော်ဆောင် ရွက်သွားမှာဖြစ်ပါတယ်။

အလားတူ ဝန်ထမ်းများလစာတိုးပေးခြင်း၊ အလုပ်သမားများအတွက်အနည်းဆုံးလုပ်ခကြေးငွေ သတ်မှတ်ပေးခြင်းတို့အပြင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင် အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဆက်လက်ပြီး အလုပ်သမားများရဲ့ အနာဂတ်ဘဝအာမခံချက်ရရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပညာရေးနဲ့ကျန်းမာရေး ကဏ္ဍတွေမှာ ပိုမိုရင်းနှီးမြှုပ်နှံပြီး လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နဲ့ မျိုးဆက်သစ်လူငယ်တွေအတွက်ကောင်းမွန်တဲ့အနာဂတ်ကို ဖန်တီးပေးနိုင်ရန် အရည်အသွေး ရှိသောနိုင်ငံတကာအဆင့်မီပညာရေးဖြစ်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက် လျက်ရှိပါတယ်။

တစ်မျိုးသားလုံးလွှမ်းခြုံသည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်က ကျန်းမာရေး အသုံးစရိတ်များကို သိသိသာသာတိုးမြှင့်အသုံးပြုလျက်ရှိပါတယ်။

အမျိုးသမီးများနှင့်စပ်လျဉ်းပြီး ကဏ္ဍတိုင်းမှာ အမျိုးသမီးများကိုအမျိုးသားများနဲ့ တန်းတူပါဝင်နိုင်ရေး၊ အမျိုးသမီးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနဲ့ အမျိုးသမီးများရဲ့အခန်းကဏ္ဍ ပိုမိုတိုးမြင့်အောင် အားပေးမြှင့်တင်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်ထိန်းသိမ်းမြှင့်တင်ရန်လိုအပ်ပါတယ်။ဒါကြောင့်တိုင်းရင်းသားအားလုံးရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ထိန်းသိမ်းပြီး စာပေယဉ်ကျေးမှု၊ ရုပ်ရှင်၊ ဂီတ၊ ဇာတ်သဘင်၊ ပန်းချီ၊ ပန်းပု၊အစရှိတဲ့အနုပညာကဏ္ဍကို အားပေးမြှင့်တင်သွားမှာ ဖြစ်ပါတယ်။

မိဘပြည်သူများခင်ဗျား-

နိုင်ငံသားအားလုံး တန်းတူညီမျှမှုအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊တရားမျှတမှုအခွင့်အရေးတို့ကို ရရှိခံစားနိုင်ရေး လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးတို့ကို အလေးထားဆောင်ရွက်ပြီး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အစိုးရအုပ်ချုပ်ရေးယနတရား ပိုမိုသန့်ရှင်းတိုးတက် ကောင်းမွန်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံရဲ့ စီးပွားရေးအခြေအနေကိုကြည့်ရင် စီးပွားရေးတံခါးဖွင့်ဆောင်ရွက်နိုင်ခဲ့မှုကြောင့် ကုန်သွယ်မှုမှာ ၂၀၁၀ ခုနှစ်ကထက် ကုန်သွယ်မှုပမာဏ ၉၁ ရာခိုင်နှုန်းတိုးတက်လာသလို ရင်းနှီးမြှုပ်နှံမှု ၄၅ ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့ပါတယ်။

-လွန်ခဲ့တဲ့ ၄ နှစ်ကျော်ကာလ အတွင်းမှာ သိသာထင်ရှားတဲ့ လူမှုစီးပွား တိုးတက်မှုများ အဖြစ် လျှပ်စစ်မီး၊ မိုဘိုင်းဖုန်းနှင့် အင်တာနက်ဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဟိုတယ်ခရီးသွား လုပ်ငန်းနှင့် လေကြောင်းလိုင်း ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေးနဲ့ ကျန်းမာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး အပိုင်းတွေကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

- ယခုအခါ လျှပ်စစ်ဓာတ်အားရရှိသော ကျေးရွာပေါင်း ၂၇၀၀၀ကျော်အထိ တိုးတက် လာခဲ့ပြီးလျှပ်စစ်မီးသုံးစွဲနိုင်သည့် အိမ်ထောင်စုရာခိုင်နှုန်း ၃၀ အထိ တိုးတက်ရောက်ရှိလာကြောင်း တင်ပြအပ်ပါတယ်။

- အင်တာနက်အသုံးပြုသူ ဦးရေ ၁၈ သန်းနီးပါးထိရှိလာပြီး၊ မိုဘိုင်းဖုန်းများ၊ မော်တော်ဆိုင်ကယ်များကို ကျေးလက်နေပြည်သူများဈေးနှုန်းချိုသာစွာနဲ့ ပိုမိုဝယ်ယူသုံးစွဲလာနိုင်ခဲ့ပါတယ်။ အလားတူပဲမော်တော် ကားဝယ်စီးနိုင်သူ လူလတ်တန်းစားဦးရေလည်း သိသာစွာ တိုးတက်များပြားလာခဲ့ပါတယ်။

- ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့ပြများသာမကကျေးရွာချင်းဆက်လမ်းများအထိ လမ်းပန်းဆက်သွယ်ရေးတိုးတက်ကောင်းမွန်လာမှုကြောင့် ကူးသန်းရောင်းဝယ်မှုများ ပိုမိုလျင်မြန်ချောမွေ့ လာစေခဲ့ပါတယ်။

- ပြည်သူများရဲ့ အသေးစား၊ အလတ်စား၊ စီးပွားရေးလုပ်ငန်းများရဲ့ကုန်ထုတ်လုပ်မှုတိုးတက်လာအောင် အရင်းအနှီးနဲ့ နည်းပညာ လိုအပ်ချက်များ ပေါင်းစပ်အားပေးမြှင့်တင်သွားမှာ ဖြစ်ပါတယ်။

- အနာဂတ်မှာ မြေမဲ့၊ အိမ်ရာမဲ့များအပါအဝင် ပြည်သူများ၏နေထိုင်စားသောက်လုပ်ကိုင်ရေးအဆင်ပြေပြီး၊ မြေယာပြဿနာများမဖြစ်ပွားစေရန်နှင့် မြို့ပြကျေးရွာများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြို့ပြကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေကို ရေးဆွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံအတွက် သမိုင်းမှတ်တိုင် စိုက်ထူနိုင်မယ့်လုပ်ငန်းများအဖြစ် နှစ် (၃၀)ကျော်ကြာ မဆောင်ရွက်နိုင်ခဲ့တဲ့ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း၊ အရှေ့တာင်အာရှအားကစား ပြိုင်ပွဲကျင်းပခြင်း၊ အာဆီယံဥက္ကဋ္ဌ တာဝန်ယူလျက် အာဆီယံထိပ်သီး အစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများကို ဦးဆောင်ကျင်းပခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး မြန်မာပြည်သူ တစ်ရပ်လုံးကိုယ်စား နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံရဲ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။

မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား -

ကျွန်တော်တင်ပြခဲ့တဲ့ ပါတီရဲ့မူဝါဒသဘောထားလုပ်ငန်းစဉ်များအပေါ် မှာ မိဘပြည်သူများက ခြုံငုံလေ့လာသုံးသပ်ကြည့်မယ်ဆိုရင် ပါတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ လွှတ်တော်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များအားလုံးဟာ ပြည်သူများကို အလုပ်အကျွေးပြုကျေးဇူးဆပ်နိုင်အောင် အစွမ်းကုန်ကြိုးပမ်းအားထုတ်ခဲ့တာကိုတွေ့ရှိရမှာ ဖြစ်ပါတယ်။ ပြည်သူအားလုံးရဲ့ လိုအင်ဆန္ဒနှင့် လိုအပ်ချက်အားလုံးကို အချိန်တိုကာလအတွင်း ရာနှုန်းပြည့်မဖြည့်ဆည်းပေးနိုင်သေး သော်လည်း အတိုင်းအတာတစ်ခုထိ ပြည်သူများရရှိခံစားနိုင်တဲ့ အကျိုးရလဒ်ရအောင် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။

- ဒါ့ကြောင့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ရင်း ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေး ဦးတည်နေပြီဖြစ်လို့  ဒီအရှိန်အဟုန်ကိုဆက်လက်ဖော်ဆောင်နိုင်မယ့်ပါတီကို စဉ်းစားရွေးချယ်ပေးကြပါ။

- ပြည်သူများအေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်စေရန်အတွက် တိုင်းပြည်ကိုတည်တည်ငြိမ်ငြိမ် ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်တဲ့အစိုးရကို ဖွဲ့စည်းပေးနိုင်မယ့်ပါတီကို ဦးစားပေး စဉ်းစားရွေးချယ်ပေးကြပါ။

- ပြည်သူတို့ရဲ့ လူမှုစီးပွားဘဝအနာဂတ်မှာ ပိုမိုပြောင်းလဲတိုးတက်ကောင်းမွန်အောင် အရှိန်မြှင့်တင်ဖော်ဆောင်ပေးမယ့်ပါတီနဲ့ အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်များကို ဦးစားပေးစဉ်းစားရွေးချယ်ပေး ကြပါရန်တင်ပြရင်း နိဂုံးချုပ်အပ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

 ၁။

 ပါတီအမည်

 -

 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

 ၂။

 ပါတီအမည်(English)

 -

 Union Solidarity and Development Party

 ၃။

 ပါတီတည်ထောင်ခွင့်လျှောက်ထားသည့်နေ့

 -

 ၂၉.၄.၂၀၁၀

 ၄။

 လာရောက်လျှောက်ထားစဉ်ပါတိအင်အား

 -

 ၂၇ ဦး

 ၅။

 ပါတီလျှောက်ထားစဉ်ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်

 -

 ဦးသိန်းစိန်၊ ဦးဌေးဦး

 ၆။

 ပါတီတည်ထောင်ခွင့်ပြုသည့်နေ့

 -

 ၄.၅.၂၀၁၀

 ၇။

 ပါတီမှတ်ပုံတင်လျှောက်ထားသည့်နေ့

 -

 ၁.၆.၂၀၁၀

 ၈။

 ပါတီမှတ်ပုံတင်ခွင့်ပြုသည့်နေ့

 -

 ၈.၆.၂၀၁၀

 ၉။

 ခွင့်ပြုသည့်ပါတီအမှတ်စဉ်

 -

 အမှတ်စဉ်(၃၂)

 ၁၀။

 ခွင့်ပြုသည့်ပါတီအလံ

 -

 

 

 ၁၁။

 

 ခွင့်ပြုသည့်ပါတီတံဆိပ်

 -

 

 ၁၂။

 ပါတီ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်မှုဆောင်စာရင်း

 -

 ဦးသိန်းစိန်/ဦးဌေးဦး (ပူးတွဲ ဥက္ကဋ္ဌ)

 ၁၃။

 ပါတီနယ်မြေ

 -

 ပြည်ထောင်စုတစ်ဝန်းလုံး

 ၁၄။

 ပါတီရုံးချုပ်တည်နေရာ

 -

 အမှတ်(၅)၊ ရာဇသင်္ဂဟလမ်းနှင့်"စီ" လမ်းထောင့်၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်။

 ၁၅။

 ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်

 -

 ၀၉-၈၆၀၄၀၀၁၊ ၀၆၇-၄၁၉၂၅၃၊ ၄၁၉၁၆၆၊ ၄၁၉၁၂၂၊ ၄၁၉၁၂၄၊ ၀၆၇-၄၁၉၁၂၅၊ ၄၁၉၂၅၀၊ ၄၁၉၂၄၄၊ ၀၆၇-၄၁၉၂၇၁/၄၁၉၀၈၃ (ဖက်စ်)

 ၁၆။

 ပါတီ၏မှုဝါဒများ

 -

 PDFDownload1

       PDFDownload2
       PDFDownload3

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly