မလေးရှားအတိုက်အခံခေါင်းဆောင်လွတ်ရန် ကုလနှင့် ကန်တို့ အကူအညီကို မိသားစုမျှော်လင့်

မလေးရှားအတိုက်အခံခေါင်းဆောင်လွတ်ရန် ကုလနှင့် ကန်တို့ အကူအညီကို မိသားစုမျှော်လင့်

စက်တင်ဘာ ၁၈ ။        ။ ထောင်ဒဏ်ကျခံနေရသည့် မလေးရှားအတိုက်အခံခေါင်းဆောင်ဟောင်း ဖြစ်သူ အန်ဝါ အီဘရာဟင်၏ သမီးဖြစ်သူက ဖခင်၏အမှုကိစ္စတွင် ကုလသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့မှ ကူညီဆောင်ရွက်ပေးနိုင်မည့်အခြေအနေများအပေါ် အလွန်အမင်းမျှော်လင့်လျက်ရှိကြောင်း စက်တင်ဘာ ၁၇ ရက်က ပြောကြားလိုက်သည်။

မလေးရှား အတိုက်အခံခေါင်းဆောင် အန်ဝါ သည် ယမန်နှစ်က ၎င်း၏ လက်ထောက်ဝန်ထမ်းအမျိုးသားနှင့် ဓမ္မတာနှင့် သွေဖည်ကာလိင်ဆက်ဆံမှုဖြင့် စွဲချက်တင်ခံခဲ့ရကာ ထောင် ငါးနှစ် ကျခံခဲ့ရသည်။

၎င်းမှာ အစိုးရက အကွက်ဆင် ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားတစ်ဦးဖြစ်ကြောင်း ထောက်ခံသူများက ဆိုကြသည်။ ယခုသီတင်းပတ်ထဲတွင် အန်ဝါ၏ သမီး နှစ်ဦးအနက် အကြီးဖြစ်သူ နူရယ် အီဇက်သည် ဝါရှင်တန်သို့ သွားရောက်ခဲ့ကာ အိမ်ဖြူတော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကွန်ဂရက်တို့ မှ အရာရှိများနှင့် တွေ့ဆုံခဲ့ပြီး အသက် ၆၈ နှစ်ရှိပြီဖြစ်သော သူမ၏ဖခင် ကိုယ်စား ကူညီဆောင်ရွက်ပေးပါရန် ကြိုးပမ်းထားခဲ့သည်။

လက်ရှိ မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇတ်မှာလည်း ခြစားမှု ပြဿနာများနှင့် ဝေဖန်ပြစ်တင်ခံရလျက်ရှိနေချိန်တွင် နိုင်ငံတကာ ဖိအားပေးတောင်းဆိုမှုများဖြင့် အန်ဝါ၏ အမှုကိစ္စကို ပြန်လည်စစ်ဆေး လုပ်ဆောင်နိုင်လိမ့်မည်ဟု ထောက်ခံသူအုပ်စုက မျှော်လင့်လျက်ရှိသည်။

" နိုင်ငံရေးဆိုင်ရာ အလေးထားလုပ်ဆောင်မှုတွေကြောင့် အဖေ့လိုမျိုး အရေးပါတဲ့သူတစ်ယောက်ကို သူတို့က နှုတ်ပိတ်ဖို့လုပ်ဆောင်ခဲ့တာရဲ့ အကျိုးဆက်ကို အမေရိကန်တို့ သိဖို့လိုပါလိမ့်မယ်၊ ဒီလိုမျိုး အာဏာရှင်မျိုးကို ခွင့်ပြုပေးလိုက်မယ်ဆိုရင်တော့ တစ်နည်းအားဖြင့် အစွန်းရောက်ဝါဒလိုမျိုး ဆိုးရွားတဲ့ အခြေအနေမျိုးကို ကျွန်မတို့ မြင်ရဖို့ပဲရှိပါတော့တယ်" ဟု မလေးရှား အတိုက်အခံခေါင်းဆောင် အန်ဝါ၏ သမီးဖြစ်သူက ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly