အငြင်းပွားဖွယ် လုံခြံုရေးဥပေဒကို ဂျပန်လူထုသောင်းနှင့်ချီ၍ ချီတက်ဆန္ဒပြ

အငြင်းပွားဖွယ် လုံခြံုရေးဥပေဒကို ဂျပန်လူထုသောင်းနှင့်ချီ၍ ချီတက်ဆန္ဒပြ
ဓာတ်ပုံ - ဂူးဂဲလ်

တိုကျို၊ စက်တင်ဘာ ၁၅ ။     ။ သောင်းနှင့်ချီသည့် ဂျပန်လူထုများမှာ နိုင်ငံကို စစ်လမ်းကြောင်းပေါ် ရောက်ရှိစေမည်ဟု ၎င်းတို့ ယုံကြည်နေကြသည့် အငြင်းပွားဖွယ် လုံခြုံရေးဥပဒေကြမ်းကို အတည်ပြုမည့် အလားအလာ ကို ဆန့်ကျင်သောအားဖြင့် ဂျပန်ပါလီမန် အဆောက်အအုံသို့ ချီတက်ဆန္ဒပြခဲ့ကြသည်။     သတင်းများအရ တိုကျိုမြို့တော်ရှိ ဂျပန်ဒိုင်းယက် လွှတ်တော်အပြင်ဘက် ဆန္ဒပြပွဲသို့ လူ ၄၅,၀၀၀ ခန့် တက်ရောက်ခဲ့ကြပြီး ဆန္ဒပြသူများစွာက ''စစ်အလိုမရှိ''၊ ''စစ်ဥပဒေကို ပယ်ဖျက်ပစ်'' စသည့် ကြွေးကြော်သံများကို ကိုင်ဆောင်ထားကြသည်ဟု ဆိုသည်။ စစ်ဆန့်ကျင်ရေး ဆန္ဒပြသူများ က ဂျပန်ဝန်ကြီး ချုပ် ရှင်ဇိုအာဘေးအား ရာထူးမှဆင်းပေးရန်လည်း တောင်းဆိုခဲ့ကြသည်။

လူအုပ်အား ဆက်လက်မချီတက်နိုင်စေရန် တားဆီးပိတ်ဆို့ရာမှ အတန်ငယ် ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့ပြီး နောက်ဆုံးတွင် လုံခြုံရေးရဲများက စီးမိသွားခဲ့သည်ဟု ဆိုသည်။ အဆိုပြုထားသည့် ဥပဒေက မိမိကိုယ်မိမိ ကာကွယ်ရေးတပ်ဟု ခေါ်တွင်သည့် ဂျပန်စစ်တပ်ကို ဒုတိယကမ္ဘာစစ်အပြီး ပထမဆုံးအကြိမ်အဖြစ် နိုင်ငံပြင်ပ စစ်ဆင်ရေးများတွင် ပါဝင်ဖြန့်ကျက် ထားနိုင် စေမည် ဖြစ်သည်။

ဤဥပဒေက ဂျပန်နိုင်ငံကို တိုက်ရိုက်ခြိမ်းခြောက်မှု မရှိသော်လည်း အမေရိကန် ပြည်ထောင်စုကဲ့သို့သော မဟာမိတ်များကို ကာကွယ်နိုင်ရန် ဂျပန်နိုင်ငံက ၎င်း၏ စစ်တပ်များကို အသုံးပြုနိုင်စေမည်ဖြစ် သည်။ ဝေဖန်သူများကမူ ထိုဥပဒေများက ဂျပန်၏ စစ်မလိုလားသော ဖွဲ့စည်းပုံ အဆင့်အတန်းကို ထာဝရ ပြောင်းလဲသွားစေတော့မည်ဟု ပြောဆိုကြသည်။

''အာဘေးရဲ့အစိုးရဟာ လက်ရှိမှာ လူထုတွေရဲ့အသံကို နားမထောင်ဘူး။ ဆိုးရွားတဲ့ နည်းလမ်းနဲ့ အတိတ်ဆိုးဆီ ပြန်ခေါ်သွားနေတယ်။ ဒါ့ကြောင့် နှုတ်ဆိတ် မနေနိုင်တော့လို့ ဒီနေရာကိုရောက်လာ ခဲ့တာပါ။ ကျနော့ရဲ့ သားတွေ မြေးတွေကို စစ်အတွင်းက အခြေအနေမျိုးမှာ မနေစေ ချင်ဘူး''ဟု ၆၉ နှစ်အရွယ် ဆန္ဒပြသူ ယာဆူကို ယာနာဂီဟာရာက ပြောကြားသည်။     

ထိုဥပဒေများကို ဂျပန် ဥပဒေပြုအောက်လွှတ်တော်က အတည်ပြုခဲ့ပြီးဖြစ်ရာ ယခု ရက်သတ္တပတ် နှောင်းပိုင်းတွင် အာဘေး၏အစိုးရက ၎င်း၏ အာဏာရအုပ်စု အများစုနေရာ ရထားရာ အထက်လွှတ်တော် ကိုဖြတ်သန်းပြဋ္ဌာန်းနိုင်ရေး တွန်းအားပေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly