လက်ပဲတန်းသပိတ်ဖြိုခွင်းမှု သက်ဆိုင်သူများအား အရေးယူရန် မြန်မာလူ့အခွင့်အရေးကော်မရှင် အကြံပြု

လက်ပဲတန်းသပိတ်ဖြိုခွင်းမှု သက်ဆိုင်သူများအား အရေးယူရန် မြန်မာလူ့အခွင့်အရေးကော်မရှင် အကြံပြု
ဓာတ်ပုံ - သက်ကို

စက်တင်ဘာ ၁၂ ရက် ။      ။ လက်ပံတန်းမြို့၌ အမျိုးသားပညာရေးဥပဒေအားပြင်ဆင်ပေးရန် ဆန္ဒပြခဲ့သော ကျောင်းသားပြည်သူ များအား မတ်လ ၁၀ ရက်နေ့က ရိုက်နှက်ဖမ်းဆီးမှုမှာ ရဲတပ်ဖွဲ့၏ လုပ်ထုံးအဆင့်များကို ကျော်လွန်ခဲ့သည်ဟု မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်သည်။

ရဲတပ်ဖွဲ့၏ လုံခြုံရေးစီမံချက်၌ "သတိပေးတားမြစ်သော်လည်း လူစုမကွဲပါက အင်အားပိတ်ဆို့လူစုခွဲခြင်း၊ ရေလုံးဖြင့် လူစုခွဲခြင်း၊ အသံဖြင့်ခြောက်လှန့်၍ လူစုခွဲခြင်းတို့ဖြင့် ဆောင်ရွက်ရမည်" ဟုသာ ဖော်ပြထားကြောင်းသိရသည်။

မတ်လ ၁၀ ရက် အဓိကရုဏ်းနေ့တွင် နည်းလမ်းတစ်ကျ မလိုက်နာသော ရဲတပ်ဖွဲ့ဝင်များအား အရေးယူသင့်သည်ဟုလည်း ကော်မရှင်က အကြံပြုတိုက်တွန်းထားသည်။

သပိတ်စစ်ကြောင်းပါ ကျောင်းသားပြည်သူများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အသက်အန္တရာယ်ထိခိုက်စေနိုင်သည့်နေရာ များကို ရိုက်နှက်ခဲ့ကြောင်း၊ ငြိမ်းချမ်းစွာစုဝေး စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေအစား ရာဇသတ်ကြီးဥပဒေများဖြင့် တရားစွဲကြောင်း မှတ်တမ်းစာအုပ်စာတမ်းများ၊ ဗွီဒီယိုတိပ်ခွေများနှင့်အတူ တိုင်တန်းချက်များ ရရှိသဖြင့် စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ပါဝင်ပတ်သက်ခဲ့သည့် သံဃာတော်များ၊ ကျောင်းသူကျောင်းသားနှင့် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သတင်း မီဒီယာသမားများ၊ NNER အဖွဲ့ဝင်များကို ကော်ရှင်ရုံး၊ သာယာဝတီအကျဉ်းထောင်နှင့် လက်ပံတန်းမြို့တို့တွင် တွေ့ဆုံ မေးမြန်းခဲ့သည်။ သြဂုတ် ၁၁ ရက်တွင် ကော်မရှင်က အဓိကရုဏ်းဖြစ်သည့်နေရာသို့လည်း သွားကြည့်လေ့လာခဲ့သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေ ပုဒ်မ ၃၅ နှင့်အညီ သက်သေထွက်ဆိုချက်ရယူရန် လိုအပ်သဖြင့် အခင်းဖြစ်ပွားသည့်ကိစ္စကို အနီးကပ်ကြပ်မတ်ကွပ်ကဲခဲ့သော ပဲခူးတိုင်းအစိုးရမှ သက်ဆိုင်သည့်ဝန်ကြီးထံသို့ စာဖြင့် မေတ္တာရပ်ခံခဲ့သော်လည်း အစီရင်ခံစာတင်ပြချိန်အထိ တစ်စုံတစ်ရာ လက်ခံရရှိခြင်းမရှိဟုဖော်ပြထားသည်။

ဆန္ဒပြသပိတ်စစ်ကြောင်း လက်ပံတန်းမြို့သို့ စတင်ရောက်ရှိသည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှ အခင်းမဖြစ်မီ မတ်လ ၉ ရက်နေ့အထိ ၂၁ ရက်တိုင် ဆန္ဒပြသူနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား အပြန်အလှန်နားလည်မှု၊ လေးစားမှု၊ ထောက်ထား ညှာတာမှုများဖြင့် အပြုသဘောဆောင်သည့် ဆက်ဆံရေးများရှိသည်ကို တွေ့ရှိခဲ့သဖြင့် ဒီမိုကရေစီစနစ်ကို ငြိမ်းချမ်းစွာ အကောက်အထည်ဖော်နေခြင်းများဖြစ်သည်ဟု ကော်မရှင်က ယူဆပြီး နိုင်ငံ၏ ပုံရိပ်ကောင်းများအဖြစ် သုံးသပ်ထားသည်။

သို့သော် နောက်တစ်နေ့ မတ်လ ၁၀ ရက်တွင်မူ ဆန္ဒပြသပိတ်စစ်ကြောင်းထက် အင်အားများသော ရဲတပ်ဖွဲ့များက တုတ်နှင့် ဒိုင်းများကိုင်ဆောင်၍ ပိတ်ဆို့ထားစဉ် ဆန္ဒပြသူများက အဖမ်းခံပါမည်ဟု ပြောသော်လည်း ရဲများက ဥပဒေနှင့် အညီ ဖမ်းဆီးခြင်းမပြုခဲ့ဟု ဆိုသည်။ ထို့နောက် ရဲတပ်ဖွဲ့များအကြား ရေသန့်ဗူး ၁ လုံးကျလာရာမှ အစပြု၍ အဓိကရုဏ်းြ ဖစ်ပွားခဲ့သည်ဟု သိရကြောင်း ဖော်ပြသည်။

ရဲတပ်ဖွဲ့ဘက်မှ ကွပ်ကဲမှုများလျော့နည်းသွားသဖြင့် အချို့ရဲများသည် တွေ့မြင်ရာ ရိုက်ခြင်း၊ တားသူကတားခြင်း၊ ဒိုင်းဖြင့် ကာသူကကာ စသည်ဖြင့် စနစ်မကျတော့ဘဲ EU နည်းစနစ်ဖြင့် လေ့ကျင့်ထားသည့်ပုံစံ ပျက်ယွင်းသွားကြောင်း ကော်မရှင် က သုံးသပ်သည်။

အောင်မြေဗိမာန်ဘုန်းကြီးကျောင်းအတွင်း ဖမ်းဆီးရှာဖွေမှုများကိုလည်း နယ်မြေခံရဲတပ်ဖွဲ့မှသာ လုပ်ထုံးနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်သော်လည်း ရဲတပ်ရင်းမှ ဝင်ရောက်ဆောင်ရွက်သဖြင့် အထင်အမြင်လွဲမှားမှု၊ ပစ္စည်းပျောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး သီတင်းသုံးနေသော သံဃာတော်များ၏ ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှုလည်း ပျက်ပြားသွားခဲ့သည်ကို သိရှိရသည်။

သပိတ်စစ်ကြောင်း၏ ပြန်ကြားရေးယာဉ်ကို ရဲတပ်ဖွဲ့ဝင်အချို့က ထုရိုက် ကန်ကျောက် ဖျက်ဆီးခြင်းသည်လည်း လုပ်ထုံးနှင့်အညီ ဆောင်ရွက်သည်ဟု သတ်မှတ်ရန် ခဲယဉ်းကြောင်း ကော်မရှင်က သုံးသပ်သည်။

ကျောင်းသားကိစ္စများဆောင်ရွက်လျင် တုတ်၊ ဒိုင်း၊ သေနတ်များကိုင်တွယ်ခြင်းမပြုရဘဲ လက်ထိတ်၊ လက်ထိတ်ကြိုးများ ကိုသာ ကိုင်တွယ်ရမည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ မတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်သည့် ညွှန်ကြားချက်အား မလိုက်နာသည့် ရဲတပ်ဖွဲ့ဝင်များ ရှိနေသည်ဟု ဆိုသည်။

ဆန္ဒပြသူအချို့၏ ဦးခေါင်းနှင့် မျက်နှာများတွင် ထိခိုက်ဒဏ်ရာရရှိမှုသည် ရဲလက်စွဲပါ သတ်မှတ်ချက်နှင့်အညီဆောင်ရွက်မှု အားနည်းကြောင်း ကော်မရှင်က တွေ့ရှိထားသည်။

ကော်မရှင်က အကြံပြုထားရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားချိန်၌ အဓိကရုဏ်းနှိမ်နင်းရေးလုပ်ငန်းစဉ်အဆင့်ဆင့်အတိုင်း မလုပ်ဆောင်ဘဲ ကျော်လွန်ဆောင်ရွက်ခဲ့သူများအား အရေးယူသင့်သည်ဟုလည်း ပါဝင်သည်။

ထို့ပြင် ရဲတပ်ဖွဲ့ဝင်များအား ရေသန့်ဗူးဖြင့် စတင်ပစစ်ပေါက်ခဲ့သူများ၊ ရဲတပ်ဖွဲ့၏ မိုဘိုင်းတဲများနှင့် အတားအဆီးများအား ဖျက်ဆီးခဲ့သူများ၊ တုတ်ခဲများဖြင့် ပစ်ပေါက်ခဲ့သူများအား ဥပဒေနှင့်အညီ အရေးယူသင့်သည်ဟုလည်း အကြံပြုထားသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများ မြှင့်တင်ရန်နှင့် ကာကွယ်ရန်တို့အတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပုဒ်မ ၄ နှင့် ပုဒ်မ ၉ တို့ပါ ပြဌာန်းချက်များအရ ဖွဲ့စည်းခြင်းဖြစ်သည်ဟု ကော်မရှင်အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ဥက္ကဌမှာ သံအမတ်ကြီး (ငြိမ်း) ဦးဝင်းမြ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) မှ ဦးစစ်မြိုင်က ဒုဥက္ကဌ အဖြစ်တာဝန်ယူထားပြီး အဖွဲ့ဝင် ၉ ဦး၊ စုစုပေါင်း ၁၁ ဦးဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly