ရန်ကုန်၊ စက်တင်ဘာ ၈ ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြသည့် တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဇေယျာလွင်နှင့် ပိုင်ရဲသူတို့ စာမေးပွဲဖြေခွင့်ရမရကို စက်တင်ဘာ ၁၅ရက်တွင် ဆုံးဖြတ်ပေးမည်ဟု ယနေ့ ၈ကြိမ်မြောက်ရုံးချိန်းတွင် ပန်းပဲတန်းမြို့နယ် တရားသူကြီးက တရားခွင်တွင် ဖြေကြားခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဘဏ္ဍာရေးမှုး ဦးထွန်းကြည်က မဇ္ဈိမကိုပြောသည်။
"၁၇ရက်နေ့ စာမေးပွဲဖြေမယ့်ဟာကို တရားရုံးက ခွင့်ပြုပေးသင့်ပါတယ်။ ဒါကအကျဉ်းနဲ့လည်းမဆိုင်ဘူး။ ရဲနဲ့ လည်း မဆိုင်ဘူး။ သူတို့အာမခံလျှောက်တာမဟုတ်ဘူး။ အာမခံလျှောက်တာက ၅၀၅ (ခ) အရ မပေးဘူးလို့ ငြင်းပိုင်ခွင့် ရှိသော်လည်း အခုတောင်းဆိုမှုက အလွန်မှတရားမျှတပါတယ်။" ဟု တရားခွင်အတွင်းနားထောင်ခဲ့သည့် ၎င်းကဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြသည့်ကျောင်းသားများကို စက်တင်ဘာ ၉ရက် ၈ကြိမ်မြောက်ရုံးထုတ်ရာသို့၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအပြင် အခြားတက်ကြွလှုပ်ရှားသူများက FAILED LAW စာတမ်းပါ အကီၤျအနက်များ ဝင်ဆင်သည့် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။ ယင်းလှုပ်ရှားမှုတွင် ရွှေဝါရောင်သံဃာတော် အချို့လည်း ပါဝင်ကြသည်။
"တရားသူကြီးရဲ့လုပ်ပိုင်ခွင့်ဖြစ်တယ်။ ရုံးချိန်းက ၁၅ရက်ပြန်ချိန်းလိုက်တယ်။ ထူးခြားဖြစ်စဉ်နဲ့ ပက်သက်ပြီး သူတို့အကြောင်းကြားမယ်လို့ပြောတယ်။ ကျောင်းသားတွေကို စားမေးပွဲဖြေခွင့်ပေးရမှာက ဥပဒေအရပဲ။ မပေးဘူးဆိုရင်တော့ ဒါက Failed Law ပဲ။" ဟု ဦးထွန်းကြည်က ဆိုသည်။
ဇေယျာလွင် (စီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ) နှင့် ပိုင်ရဲသူ (ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ပြည်ပဆက်ဆံရေးတာဝန်ခံ) တို့သည် ဖမ်းဆီးမခံရမီအချိန်အထိ သက်ဆိုင်ရာတက္ကသိုလ်များတွင် ပညာသင်ယူနေသည့် ကျောင်းသားများဖြစ်သည့်အတွက် စာမေးပွဲဖြေဆိုရန် တောင်းဆိုခြင်းဖြစ်သည်ဟု ရုံးထုတ်သို့တက်ရောက်လာသည့် သမဂ္ဂအဖွဲ့ဝင်များထံမှ သိရသည်။
၎င်းတို့နှစ်ဦးကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကျောက်တံတားနှင့် ပန်းပဲတန်းမြို့နယ်ရဲစခန်းတို့က နိုင်ငံရေအကြည်အညိုပျက်စေမှု ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။