ကျောင်းသားတွေကို လူဆိုး၊ သူခိုး၊ လုယက်၊ ရမ်းကားသူတွေလို သဘောမထားပါနဲ့

ကျောင်းသားတွေကို လူဆိုး၊ သူခိုး၊ လုယက်၊ ရမ်းကားသူတွေလို သဘောမထားပါနဲ့
ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်တက္ကသိုလ်ဝင်းထဲရှိ တက္ကသိုလ်ကျောင်းသူကျောင်းသားများ။

မဇ္ဈိမ စာဖတ်သူကဏ္ဍကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့မှာနေတဲ့ ဒေါ်ခင်မြင့်ခိုင် ရေးလိုက်တဲ့ စာတစ်စောင် ရောက်ခဲ့ပါတယ်။ သူရေးလိုက်တဲ့စာမှာတော့ အငြိမ်းစား တက္ကသိုလ် ဆရာမတစ်ဦးဖြစ်တဲ့ သူဟာ နေ့စဉ် သတင်းစာနဲ့ ဂျာနယ်တွေ ဖတ်ရင်း ကျောင်းသားတွေကို ဖမ်းဆီးအရေးယူတာ၊ ကျောင်းသားတွေမှာ အမှုရင်ဆိုင်ရင် တရားရုံး၊ ရဲအချုပ်ကားပေါ်က လက်ထိပ်ခတ်ပြီး ဆင်းလာတာတွေကို မြင်ရ ဖတ်ရတာ စိတ်မချမ်းသာလွန်းလို့ အစောကြီးကတည်းက တာဝန်ရှိသူတွေကို မဇ္ဈိမ စာဖတ်သူကဏ္ဍကတစ်ဆင့် ပြောချင်ခဲ့တာပါလို့ ဆိုပါတယ်။

သည်ရက်ပိုင်း အတောအတွင်းမှာ ဖတ်လိုက်ရတဲ့ ပခုက္ကူ နည်းပညာတက္ကသိုလ် ကျောင်းသား ၃၅ ဦးကို ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း မပြည့်လို့ စာမေးပွဲဖြေဆိုခွင့် ပိတ်ပင်တဲ့စာ ထုတ်ပြန်ခဲ့တယ် ဆိုတဲ့ သတင်းကို ဖတ်ပြီး ပိုလို့ ရေးချင်မိတာကြောင့် စာရေးပေးပို့ခဲ့တာပါလို့ ပြောပါတယ်။

ဒီသတင်းကို ဖတ်ပြီးတဲ့နောက် သူနဲ့လက်လှမ်းမှီတဲ့ နည်းပညာက ဆရာ၊ ဆရာမနဲ့ ကျောင်း သားတချို့ကို မေးမြန်းခဲ့ပါတယ်။ အရင်ပညာသင်နှစ်တွေမှာ ကျောင်းသားတစ်ယောက်ကို စာမေးပွဲ ဖြေဆိုခွင့် ပိတ်မယ်ဆိုရင်သုံးကြိမ်ခေါ်ယူ သတိပေးပြီး လက်မှတ်ထိုးရပါတယ်။ ပထမအကြိမ်နဲ့ဒုတိယအကြိမ်တွေမှာကျောင်းသားကိုယ်တိုင် လက်မှတ်ထိုးရပြီး တတိယအကြိမ်မှာအုပ်ထိန်းသူက သိရှိကြောင်းခေါ်ယူ အသိပေးလက်မှတ်ထိုးပြီးမှသာ အရေးယူလေ့ရှိပါတယ်။ ယခုပညာသင်နှစ်မှာတော့ အုပ်ထိန်းသူကျောင်းသားတွေ ကိုခေါ်ယူသတိပေးခြင်းမရှိဘဲ စာမေးပွဲဖြေဆိုခွင့် ပိတ်တဲ့စာထုတ်လိုက်တော့တက္ကသိုလ် ဆရာမဟောင်း တစ်ဦးအနေနဲ့ အလွန်စိတ်မကောင်း ဖြစ်မိပါတယ်လို့ ဆိုပါတယ်။

အခုခေတ်ကာလ အနေအခြေမှာ မိဘတစ်ယောက်ဟာ သားသမီးတစ်ယောက် တက္ကသိုလ် တက်ဖို့ မပြောနဲ့ မူလတန်းကျောင်းထားဖို့ကို မနည်းရုန်းကန်ပြီး ထားကြရတာပါ။ ရာထူးအရှိန်အဝါရှိသူ နဲ့ ငွေကြေးပြည့်စုံသူ လူနည်းစုက လွဲရင်ပေ့ါ။ သူတို့ဘာကြောင့် ကျောင်းခေါ်ချိန် မပြည့်ရတာလဲဆို တာကို ကျောင်းအုပ်ချုပ်သူများအနေနဲ့ သိအောင်၊ နားလည်နိုင်အောင် ကြိုးစားစေချင်တယ်လို့ ပြောပါ တယ်။ သူ လေ့လာကြည့်မိသလောက်ကတော့ အခုအတောအတွင်း နိုင်ငံတစ်ဝှန်းမှာ ဖြစ်ပေါ်နေတဲ့ ရေဘေးကို သွားရောက်ကူညီနေကြတာနဲ့ သမဂ္ဂနဲ့ပတ်သက်ပြီး ကိစ္စနှစ်ခုကို လုပ်နေကြတာ ဆိုတာ တွေ့ရပါတယ်။

ဒုက္ခရောက်နေတဲ့သူကို ကယ်တင်ခြင်တာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ စိတ်ရင်းဖြစ်ပြီး ပခုက္ကူဆိုတာ မကွေးတိုင်းမှာပါတော့ မကွေးတိုင်းဒေသကြီး အနှံ့အပြားမှာ ရေကြီးနေတာကို သူတို့ မျက်နှာလွဲ ပြီးနေနိုင်ပါ့မလား၊ နောက်တစ်ချက်က ကျောင်းသားသမဂ္ဂ ကိစ္စပါ။ လူငယ်ဆိုတာ တက်ကြွပါတယ်။ ဒီနေ့အုပ်ချုပ်သူ လူကြီးမင်းများလည်း လူငယ်ဘဝကို ဖြတ်သန်းပြီးမှာ ဒီနေရာကို ရောက်လာကြတာပါ။
လူငယ်တွေ၊ ကျောင်းသားတွေကို အရင်ကတည်းက အစိုးရ အဆက်ဆက်က ကောင်းမွန် မှန်ကန်တဲ့လမ်းကို မညွန်ပေးနိုင်ခဲ့တော့ အခုအချိန်မှာ သူတို့တွေမှာ ဘဝကို ဘယ်လို ဖြတ်သန်းရ မယ်၊ နိုင်ငံ အတွက် ဘယ်လိုလုပ်ကြရမယ်ဆိုတဲ့ အတွေးအခေါ်တွေထက် အစိုးရလုပ်သမျှ ဆန့်ကျင် ပြောဆို လုပ်ရှားကြဖို့ပဲ စိတ်ထဲမှာ ရှိနေကြတာ ဖြစ်တယ်လို့ သူမြင်ပါတယ်လို့ ဆိုပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ကျောင်းသားတွေကို ချော့ပြီး သူတို့ပြောသမျှ လိုက်လုပ်ပေးရမယ်လို့ တော့ သူဆိုလိုချင်တာ မဟုတ်ပေမဲ့ တာဝန်ရှိသူတွေအနေနဲ့ ကျောင်းသားတွေ လူငယ်တွေနဲ့ အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက် စေလိုပါတယ်။ လူငယ်ဆိုတာ နောင်အနာဂတ်အတွက် နိုင်ငံရဲ့ ခေါင်းဆောင်လောင်းတွေ ဖြစ်တဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ သိမ်မွေ့စွာနဲ့ ကိုင်တွယ်ဆောင်ရွက်စေလို ပါတယ် လို့ပြောပါတယ်။

ဒီလိုမှမဟုတ်ရင် ကျွန်မတို့နိုင်ငံမှာ ကျောင်းသားလူငယ်အရွယ်မှာ အစိုးရကို ဆန့်ကျင်လို့ အရေးယူခဲ့ရပြီး ထောင်ကျရတဲ့ အရေအတွက်တွေ တစ်နေ့တစ်ခြား များလာ၊ ကျောင်းတက်ချိန် မပြည့်လို့ စာမေးပွဲ မဖြေရဘဲ အပြင်လောကထဲကို ကျောင်းမပြီးဘဲ ရောက်သွားရတဲ့ ကျောင်းသား တွေများလာရင် နိုင်ငံအနာဂတ်အတွက် ဘယ်လိုမှ မကောင်းနိုင်ပါဘူးလို့ ဆိုပါတယ်။

ကျောင်းသားတွေက နိုင်ငံကောင်းအောင် လုပ်ချင်တာပါ။ အာဏာရဖို့ ချမ်းသာဖို့ လုပ်ကြတာ မဟုတ်ပါဘူး။ သူ့အနေနဲ့ကျောင်းသားတွေကလည်း ပညာရေးနဲ့ အသင်းအဖွဲ့အရေးကို ခွဲခြားပြီးမြင်တတ်စေချင် သလို တာဝန်ရှိသူတွေကလည်း ကျောင်းသားတွေကို ခွင့်လွှတ်ပေးလို့ရတာ ဖြေလျှော့ပေးစေချင်ပါတယ်။ ကျောင်းသားတွေက လူဆိုး၊ သူခိုးတွေ မဟုတ်ကြပါဘူး။ အရမ်းဆိုးခိုး၊ လုယက်သူတွေကိုတောင် ခွင့်လွှတ်ပြီးလွှတ်ချိန်မတိုင်ခင် လွှတ်ပေးသေးတာပဲ။ ဘာမှအပြစ်မရှိတဲ့ကျောင်းသားတွေကို အရေးယူ အပြစ်ပေးတာ မလုပ်စေချင်ပါဘူ။ ဒါဆိုရင် နိုင်ငံအတွက် အကျိုးရှိရုံသာမက ဆရာ၊ ဆရာမနဲ့ မိဘတွေ လည်း စိတ်ချမ်းသာကြမှာ ဖြစ်တဲ့အကြောင်း ကျောင်းသားအရေးကိစ္စကို ရေးတဲ့ စိတ်မအေးနိုင်တဲ့ ဆရာမတစ်ဦးရဲ့ သဘောထား အမြင်ကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly