အီဖယ်လ်မျှော်စင်ပိတ်ထား၍ ခရီးသွားဧည့်သည်များ စိတ်အနှောင့်အယှက်ဖြစ်ရ

အီဖယ်လ်မျှော်စင်ပိတ်ထား၍ ခရီးသွားဧည့်သည်များ စိတ်အနှောင့်အယှက်ဖြစ်ရ

သြဂုတ် ၃ ။            ။ ဆိုက်ရောက်လက်မှတ်ဝယ်ယူတဲ့ ခရီးသွားဧည့်သည်တွေနဲ့ လက်မှတ်ကြိုဝယ်ထားတဲ့ ဧည့်သည်တွေအတွက် ဓာတ်လှေကားတွေ ပြန်လည်စီစဉ်ဖို့ အီဖယ်လ်မျှော်စင်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ နေ့လယ်ကတည်းက ပိတ်ထားခဲ့တာဖြစ်ပါတယ်။

ဒီကနေ့နဲ့ဆို မျှော်စင်ပိတ်တာ နှစ်ရက်ရှိပြီဖြစ်ပါတယ်။ ဆိုက်ရောက်လက်မှတ်ဝယ်ယူမယ့် ဧည့်သည်တွေအနေနဲ့ လက်မှတ်ဝယ်ဖို့ ၃ နာရီလောက်တန်းစီပြီး ဝယ်ယူရမှာဖြစ်သလို ကြိုတင်လက်မှတ်ဝယ်ထားတဲ့ ဧည့်သည်တွေက မျှော်စင်ပေါ်တက်ဖို့ တစ်နာရီကျော်ကျော်လောက် စောင့်ဆိုင်းရမှာဖြစ်ပါတယ်။

ဆိုက်ရောက်လက်မှတ်ဝယ်ယူတဲ့ ဧည့်သည်နဲ့ လက်မှတ်ကြိုဝယ်ထားတဲ့ ဧည့်သည်တွေအတွက် ဓာတ်လှေကားသက်သက်စီ ခွဲထားဖို့ SETE တာဝန်ခံတွေက စီစဉ်နေကြတာဖြစ်ပါတယ်။

“ကျွန်မတို့ ပြန်လာလည်ချင်မှ လာလည်မယ်။ ပိုက်ဆံလည်း တော်တော်ကုန်နေပြီ။ သူတို့ဘာကြောင့်ပဲပိတ်ပိတ် ဒါဟာဧည့်သည်တွေကို မလေးစားတာပဲ။”လို့ ၎င်းရဲ့ အမျိုးသား၊ သားသမီး၂ယောက်နဲ့အတူ လာရောက်လည်ပတ်တဲ့ အမျိုးသမီး Hema ကပြောပါတယ်။

“ဧည့်သည်တွေ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့အတွက် စိတ်မကောင်းပါဘူး။ အခုလိုဖြစ်တာဟာ မြို့နဲ့နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတယ်ဆိုတာ ကျွန်တော်တို့နားလည်ပါတယ်။”လို့ SETE ကုမ္ပဏီက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အရင်နှစ်တွေတုန်းကလည်း အကြောင်းအမျိုးမျိုးကြောင့် အီဖယ်လ်မျှော်စင်ကို ပိတ်ခဲ့ဖူးပေမယ့် ကမ္ဘာ့အကျော်ကြားဆုံးနေရာတစ်ခုအနေနဲ့ တစ်နှစ်ကို ခရီးသွားဧည့်သည် ၆ သန်းကျော် လာရောက်လည်ပတ်လျက်ရှိတဲ့ နေရာဖြစ်ပါတယ်။

အီဖယ်လ်မျှော်စင်ပြန်ဖွင့်မယ့် အချိန်နဲ့ တခြားအချက်အလက်တွေကိုတော့ သက်ဆိုင်ရာ Website တွေမှာ ကြည့်ရှုဖို့ ဧည့်သည်တွေကို ပြောထားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly