အီရန်ခေါင်းဆောင်တွေနဲ့ အချိန်မရွေး တွေ့ဆုံလိုပြီး ရုရှအပေါ် ဆန်ရှင်တွေ ဆက်ရှိမှာပါလို့ ထရမ့် ပြော

အီရန်ခေါင်းဆောင်တွေနဲ့ အချိန်မရွေး တွေ့ဆုံလိုပြီး ရုရှအပေါ် ဆန်ရှင်တွေ ဆက်ရှိမှာပါလို့ ထရမ့် ပြော

နယူးယောက်၊ ဇူလိုင် ၃၁ ။            ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ၎င်းအနေနဲ့ ကြိုတင်သတ်မှတ်ချက် မရှိဘဲ အီရန်ခေါင်းဆောင်တွေ ဆန္ဒအတိုင်း ဘယ်အချိန်မဆို တွေ့ဆုံသွားဖို့ စိတ်သဘောထား ရှိကြောင်း ဇူလိုင် ၃၀ ရက်မှာ ပြောလိုက်ပါတယ်။

အီတလီ ဝန်ကြီးချုပ် ဂူဆက်ပီကွန်တီနဲ့အတူ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က ရုရှအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်တွေကလည်း ဆက်လက်ရှိနေမှာ ဖြစ်ပြီး ခုချိန်အတွက် ပြောင်းလဲမှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။

အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပြီး တစ်ပတ်အတွင်းမှာ အီရန်ခေါင်းဆောင်တွေနဲ့ အချိန်မရွေး တွေ့လိုကြောင်း ထရမ့်က ပြောလာတာလည်း ဖြစ်ပါတယ်။

“သူတို့ဖက်ကသာ လိုလားရင် ကျွန်တော်က အီရန်ခေါင်းဆောင်တွေကို တွေ့မှာပါ။ သူတို့တွေ အသင့်ဖြစ်မဖြစ်တော့ ကျွန်တော် မသိဘူး။”လို့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကြိုတင်သတ်မှတ်ချက် မရှိဘူး။ သူတို့ တွေ့ချင်ရင် ကျွန်တော် တွေ့မယ်။ သူတို့ ကြိုက်တဲ့ အချိန်ပဲ။”ဆိုပြီး ထရမ့်က ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီဟာ ရန်စတဲ့ သတိပေးချက်အဖြစ် “ခြင်္သေ့အမြီးနဲ့ ကစားနဲ့”ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ဒီပြောဆိုချက်ကို ထရမ့်က တွစ်တာကနေ တုံ့ပြန်ပြီး စာလုံးအကြီးတွေနဲ့ပဲ ရေးသားကာ “ဘယ်တော့ဘယ်တော့မှ အမေရိကန်ကို မခြိမ်းခြောက်ပါနဲ့။ နောက်ဆက်တွဲ အကျိုးဆက်တွေကို ခင်ဗျားတို့ ခံစားရလိမ့်မယ်။ သမိုင်းတစ်လျှောက်မှာလည်း နောက်ဆက်တွဲ ခံစားကြုံတွေ့စေခဲ့တာတွေ အရင်ကလည်း ရှိထားဖူးတယ်။”လို့ ရိုဟာနီကို သတိပေးလိုက်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly