အစ္စရေးစစ်သားတွေကို ရိုက်နှက်တဲ့ ပါလက်စတိုင်းမိန်းကလေး ထောင်မှ လွတ်လာရာ သူရဲကောင်းလို ကြိုဆို

အစ္စရေးစစ်သားတွေကို ရိုက်နှက်တဲ့ ပါလက်စတိုင်းမိန်းကလေး ထောင်မှ လွတ်လာရာ သူရဲကောင်းလို ကြိုဆို

ဂျေရုဆလင်၊ ဇူလိုင် ၃၀ ။           ။ အစ္စရေးစစ်သားတွေကို ကိုယ်ထိလက်ရောက် ရိုက်နှက်လို့ ထောင် ရှစ်လကျခဲ့ရာကနေ ပြန်လွတ်လာခဲ့တဲ့ ပါလက်စတိုင်း ဆယ်ကျော်သက် မိန်းကလေး အာဟတ်တာမီမီဟာ ဇူလိုင် ၂၉ ရက်မှာ ထောင်က ပြန်လွတ်လာခဲ့ရာ ထောက်ခံသူတွေက သူရဲကောင်းတစ်ဦးလို ဝိုင်းဝန်းကြိုဆိုကြပါတယ်။

အသက် ၁၇ နှစ်အရွယ် တာမီမီနဲ့အတူ စစ်သားတွေကို ရိုက်နှက်ရာမှာ ပါဝင်ခဲ့လို့ ထောင်အတူကျတဲ့ မိခင်ဖြစ်သူ နာရီမန်းဟာ သူတို့ရဲ့ ရွာဖြစ်တဲ့ သိမ်းပိုက်ခံအနောက်ဖက်ကမ်းက နာဘီဆာလက်ရှ်ရွာကို ပြန်လည်ရောက်ရှိလာချိန်မှာ သတင်းထောက်တွေလည်း ဝိုင်းရံလို့ နေခဲ့ပါတယ်။

နီကြင်ကြင် ဆံပင်အရောင်နဲ တာမီမီဟာ ပါလက်စတိုင်း စတိုင် ပုဝါကို လည်ပင်းမှာ စည်းထားပြီး ရုပ်သံဌာနတွေရဲ့ ကင်မရာတွေကလည်း အလုအယက် ရိုက်ကူးနေကြတာ တွေ့ရပါတယ်။

“ကျုးကျော်သိမ်းပိုက်တာတွေ  နိဂုံးချုပ်သွားတဲ့အထိ ခုခံတော်လှန်မှုဟာ ဆက်လက်ရှိသွားမယ်။ အကျဉ်းထောင်တွေထဲက အမျိုးသမီးသမီး အကျဉ်းသူတွေဟာ ခွန်အားစွမ်းရည် အပြည့်ရှိတယ်။”ဆိုပြီး တာမီမီက လူအုပ်ကို ပြောကြားပါတယ်။

“ကျွန်မကို ထောက်ခံသူတိုင်း၊ အကျဉ်းကျခံတွေ အားလုံးကို ထောက်ခံသူတိုင်းကို ကျွန်မ ကျေးဇူးတင်တယ်။”လို့လည်း ၎င်းက ပြောပါတယ်။

တာမီမီရဲ့ ဖခင်နဲ့ မိခင်တို့ နှစ်ဦးဟာ သမီးဖြစ်သူကို တစ်ဖက်တစ်ရံ ခြံရံပြီး လမ်းတစ်လျှောက် သွားကြချိန် အင်အား ၁၀၀ နီးပါးရှိတဲ့ ထောက်ခံသူတွေဟာ “ကျုပ်တို့ လွတ်လပ်မှုကို လိုချင်တယ်။”ဆိုပြီး ကြွေးကြော်ကြပါတယ်။

ဒီနောက်မှာတော့ ကျေးရွာရင်ပြင်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး မီဒီယာတွေရဲ့ မေးခွန်းတွေကို တာမီမီက ဖြေကြားခဲ့ပါတယ်။

“အမှန်ဆိုရင် ကျွန်မ မိသားစုထံ ပြန်လာနိုင်လို့ ပျော်ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ ပျော်ရွှင်မှုဟာ အပြည့်အ၀ မဟုတ်ပါ။ ဘာကြောင့်လည်းဆိုတော့ ထောင်တွေထဲမှာ အကျဉ်းကျခံတွေ ရှိနေဆဲဖြစ်လို့ပါပဲ။”လို့ တာမီမီက ပြောပါတယ်။

တာမီမီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက သူ့တို့ အိမ်ဝမှာ လက်နက်ကိုင်အစ္စရေးစစ်သားတစ်ဦးကို ဆောင့်ကန်ရိုက်ပုတ်ပြီး တွန်းထိုးထိုးကြိတ်တဲ့ ဗီဒီယို ထွက်ပေါ်လာပြီးနောက်မှာ လူသိများ နာမည်ကြီးလာခဲ့ပါတယ်။

ခုချိန်မှာ အစ္စရေးကို နယ်မြေကျုးကျော်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာခုံရုံးတင်နိုင်အောင် ဥပဒေပညာရပ်ကို လေ့လာသင်ယူသွားမယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly