မကြာခဏ မီးပြတ်လို့ အီရတ် လျှပ်စစ်ဝန်ကြီး အလုပ်ထုတ်ခံရ

မကြာခဏ မီးပြတ်လို့ အီရတ် လျှပ်စစ်ဝန်ကြီး အလုပ်ထုတ်ခံရ

ဇူလိုင် ၂၉ ။         ။ အီရတ်နိုင်ငံရဲ့ လျှပ်စစ်ကဏ္ဍမှာ ယိုယွင်းဆိုးရွားမှုတွေ ဖြစ်ပေါ်နေခဲ့ပြီးနောက် ယခုအခါ အဓိက တာဝန်ရှိတဲ့ လျှပ်စစ်ဝန်ကြီး ဖြစ်သူကို ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီက ဇူလိုင် ၂၉ ရက်မှာ ရာထူးကနေ ထုတ်ပယ်ပစ်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

ယင်းနိုင်ငံမှာ အကျင့်ပျက်ခြစားမှုတွေနဲ့အတူ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကလည်း နာတာရှည် ရောဂါလိုမျိုး အရိုးစွဲနေခြင်းအတွက် ယင်းအပေါ် ဆန္ဒပြမှုတွေ သီတင်းပတ်များစွာနဲ့ချီ ရှိနေခဲ့တဲ့နောက်ပိုင်း ယခုလို လျှပ်စစ် ဝန်ကြီး အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။

နိုင်ငံရဲ့လျှပ်စစ်ကဏ္ဍမှာ ယိုယွင်းမှုတွေ ဖြစ်နေခဲ့လို့ ဝန်ကြီး ကွက်ဆမ် အယ်လ် ဖာဒါဝီကို ဝန်ကြီးချုပ်က အလုပ်ထုတ်လိုက်ပြီ ဖြစ်ကြောင်း အီရတ်အစိုးရအဖွဲ့ရုံးက ကြေညာပါတယ်။

အီရတ်မှာတော့ မီးမကြာမကြာ ပြတ်တောက်မှု၊ အလုပ်လက်မဲ့ဖြစ်မှုနှုန်း မြင့်တက်မှု၊ သန့်ရှင်းသော ရေ ရှားပါးမှုနဲ့ အစိုးရရဲ့ စီမံခန့်ခွဲမှုပိုင်း လွဲမှားမှု တို့အပေါ် ဆန္ဒပြသူတွေ ဆန့်ကျင်ဆန္ဒပြနေခဲ့တာဟာဆိုရင် သီတင်းပတ် သုံးပတ်ကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။

ဓာတ်အားပြတ်တောက်မှုကတော့ ယင်းနိုင်ငံမှာ နာတာရှည်ရောဂါလို အရိုးစွဲနေပြီး ပဋိပက္ခ တိုက်ပွဲတွေကြောင့်လည်း နိုင်ငံရဲ့ အခြေခံအဆောက်အအုံပိုင်းမှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly