ဇူလိုင် ၂၉ ။ ။ အင်ဒိုနီးရှားနိုင်ငံက နာမည်ကျော် ခရီးသွားနေရာတစ်ခုဖြစ်တဲ့ Lombok ကျွန်းမှာ ဇူလိုင် ၂၉ ရက်က ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိ အားပြင်း ငလျင်တစ်ခု လှုပ်ခဲ့ပြီးနောက် ယခုအခါ သေဆုံးသူဦးရေဟာ အနည်းဆုံး ဆယ်ဦးထိ ရှိလာခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
“ငလျင်လှုပ်ပြီး သေတဲ့သူက အနည်းဆုံး ဆယ်ဦးထိ ရှိသွားပါပြီ၊ ဒဏ်ရာရသူအရေအတွက်ကလည်း ၄၀ လောက် ရှိနေပါပြီ၊ အိမ်တွေ အတော်များများလည်း ပျက်စီးသွားပါတယ်” ဆိုပြီး အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာရေး အေဂျင်စီက ပြောရေးဆိုခွင့်ရှိသူ ဆူတိုပို ပူဝါဝို နူဂရိုဟိုက ပြောသွားပါတယ်။
“ ခုချိန်ထိ စာရင်းအတိအကျ မစုရသေးလို့ သေသူ စာရင်း ထပ်တိုးလာနိုင်ပါသေးတယ်” လို့ ၎င်းကထပ်လောင်းပြောသွားပါတယ်။
သေဆုံးသူတွေထဲမှာတော့ အသက် ၃၀ အရွယ် မလေးရှား အမျိုးသမီးတစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။
ယင်းငလျင်ဟာ ယင်းနေ့ မနက် ၆ နာရီ ၄၇ မိနစ်မှာ လှုပ်ခဲ့တာဖြစ်ပြီး အနက် ၇ ကီလိုမီတာ သာ ရှိခဲ့တယ်လို့ အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့ USGS က ပြောပါတယ်။