ရုရှမှာ ပင်စင်အသက် တိုးမြှင့်တာကို ဆန့်ကျင်ကာ နိုင်ငံအနှံ့ စုရုံးဆန္ဒပြ

ရုရှမှာ ပင်စင်အသက် တိုးမြှင့်တာကို ဆန့်ကျင်ကာ နိုင်ငံအနှံ့ စုရုံးဆန္ဒပြ

 

မော်စကို၊ ဇူလိုင် ၂၈ ။                  ။ အငြိမ်းစားပင်စင် ပေးတဲ့ အသက်ကို တိုးမြှင့်မယ့် အလွန်အငြင်းပွားစရာ ရုရှအစိုးရရဲ့ အစီအစဉ်တွေကို ဆန့်ကျင်ပြီး ကွန်မြူနစ်တွေ ဦးဆောင်တဲ့ လူအင်အားထောင်ပေါင်းများစွာ စုရုံးဆန္ဒပြမှုတွေဟာ ဇူလိုင် ၂၈ ရက်မှာ နိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားပါတယ်။

မော်စကိုမှာဆိုရင် အစိုးရ ကျောထောက်နောက်ခံပြုတဲ့ ဒီပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်တဲ့ ခွင့်ပြုချက်ရပြီး စုရုံးဆန္ဒပြမှုမှာ လူအင်အား တစ်သိန်းကျော်ထက်မနည်း ပါဝင်ခဲ့ကြောင်း ပွဲစီစဉ်သူတွေက ပြောပါတယ်။

ဒါပေမယ့် စောင့်ကြည့်အကဲဖြတ်သူတွေကတော့ လူအင်အား ဒီလောက် မများကြောင်း ပြောကြပါတယ်။

ရုရှအရှေ့ပိုင်းနဲ့ ဆိုက်ဘေးရီးယားက မြို့ဒါဇင်ပေါင်းများစွာမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဆိုက်ဘေးရီးယားက နိုဗိုဆီဘတ်စ်မြို့မှာ လူအင်အား ၁၂၀၀ နီးပါး စုရုံးဆန္ဒပြခဲ့တယ်လို့ TASS သတင်းအေဂျင်စီက ဆိုပါတယ်။

မော်စကိုဆန္ဒပြသူတွေဟာ ‘ပူတင် ပင်စင် ယူ’ဆိုပြီး ကြွေးကြော်ကြလို့ ‘ကျွန်တော်တို့တွေ ပင်စင်ယူပြီး နေချင်တယ်။ အလုပ်ထဲမှာ မသေချင်ဘူး။’ဆိုတဲ့ ကြေညာစာတမ်းတွေ ကိုင်စွဲထားကြပါတယ်။

သမ္မတ ပူတင် ကျောထောက်နောက်ခံပြုတဲ့ ပြုပြင်ပြောင်းလဲရေးတစ်ရပ်ကို လူထုနဲ့ ချီ ကန့်ကွက်တာမျိုးဟာ ရှားရှားပါးပါး ဖြစ်ပြီး ခု ပင်စင်စီမံချက်ကိုတော့ ကန့်ကွက်လက်မှတ်ထိုးထားတာ ၂ ဒဿမ ၉ သန်း ရှိနေပါတယ်။

မတ်လ ရွေးကောက်ပွဲ မတိုင်မီ ပင်စင်ကိစ္စနဲ့ ပတ်သက်ပြီး သဘောထား ထုတ်ဖော်ပြောဆိုခြင်း မရှိတဲ့ ပူတင်ဟာ လူထုရဲ့ သမ္မတအဖြစ် ယုံကြည်ကိုးစားမှုနှုန်းထားကတော့ မေလအတွင်းမှ ၈၀ ရာခိုင်နှုန်း ရှိခဲ့ရာက ခုလမှာတော့ ၆၄ ရာခိုင်နှုန်း ကျဆင်းနေကြောင်း သုတေသနတစ်ရပ်က ဆိုပါတယ်။

လက်ရှိ သတ်မှတ်ထားတဲ့ ဆိုဗီယက်ခေတ် စံနှုန်းဖြစ်တဲ့ ပင်စင်သက်ပြည့်နှစ်ကို အမျိုးသမီးတွေမှာဆို ၅၅ နှစ်နဲ့ အမျိုးသားတွေက အသက် ၆၀ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် အတည်ပြုဖို့ စိုင်းပြင်းနေတဲ့ ဥပဒေကြမ်းအရ အမျိုးသမီးတွေဟာ အသက် ၆၃ နှစ်နဲ့ အမျိုးသားတွေအတွက် အသက် ၆၅ နှစ်မှာ သက်ပြည့်ပင်စင် ခံစားခွင့် တိုးမြှင့်ဖို့ အဆိုပြုတောင်းဆိုထားတာ ဖြစ်ပါတယ်။

သမ္မတ ပူတင်ကတော့ ပင်စင်သက် တိုးမြှင့်တဲ့ သဘောထားကို သူ မနှစ်သက်ကြောင်း၊ ဒါပေမယ့် ဘာမှ မလုပ်တာမျိုးဟာ ဘာတစ်ခုမှ ရွေးပိုင်ခွင့်လည်း ရှိမှာ မဟုတ်ကြောင်း ပြောဆိုပြီး “ကျွန်တော်တို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ချို့ကို ချမှတ်ရတော့မှာ ဖြစ်ပါတယ်။”လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ပြောခဲ့ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly