ဧရာဝတီတိုင်း အခြေခံပညာ ၁၃၆ ကျောင်း ပြုပြင်တည်ဆောက်မည်

ဧရာဝတီတိုင်း အခြေခံပညာ ၁၃၆ ကျောင်း ပြုပြင်တည်ဆောက်မည်
ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်ရှိ ကျေးရွာများမှ မြစ်ရေလျှံသဖြင့် ရေနစ်မြှုပ်မှုခံစားနေရသည်ကို သြဂုတ်လ ၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

စက်တင်ဘာ ၄ ရက် ။          ။ ဧရာဝတီတိုင်းအတွင်း ရေမြုပ်ခဲ့သည့် အခြေခံပညာကျောင်းပေါင်း ၅၄၆ ကျောင်းမှ ၁၃၆ ကျောင်းကို ကျပ် ၈၃၂ ဒဿမ ၂၂ သန်း အကုန်ကျခံ ၍ပြုပြင်တည်ဆောက် သွားမည်ဟု သိရသည်။

ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ မြောင်းမြခရိုင်အတွင်းမှဖြစ်ပြီး ပြုပြင်ရန် ၁၁၀ ကျောင်းနှင့် အသစ်ပြန်ဆောက်ရန် ၂၆ ကျောင်းများအတွက်သာဖြစ်သည်။ ကျန်သည့်ကျောင်းများအတွက် အလှူရှင်များလိုအပ်နေ သည်ဟု ဧရာဝတီတိုင်း အခြေခံပညာဦးစီးဌာန တိုင်းပညာရေးမှူး ဦးအောင်ကျော်ထွန်းကပြောသည်။

Asia World ကုမ္ပဏီက ကျောင်း ၆ ကျောင်းလှူရန် သဘောတူထားသည်ဟုလည်း စက်တင်ဘာ ၄ ထုတ် နိုင်ငံပိုင်သတင်းစာက ဆိုသည်။

သြဂုတ်လပထမပတ်က ဧရာဝတီတိုင်းအတွင်း ဧရာဝတီမြစ်နှင့် ငဝန်မြစ်ရေ မြင့်တက်မှုကြောင့် လူနေအိမ်များနှင့် အခြေခံစာသင်ကျောင်းများ ရေနစ်မြုပ်ခဲ့သည်။

ရေကြီးရေမြုပ်သဖြင့် ကျောင်းအားလုံးနီးပါး ပိတ်ထားခဲ့ရပြီး ယခုအခါ ရေပြန်ကျသည့်ဒေသမှ ကျောင်းအားလုံးနီးပါး ပြန်ဖွင့်နေပြီဟုလည်း သတင်း၌ ဖော်ပြထားသည်။

စက်တင်ဘာ ၁ ရက်ထုတ် နိုင်ငံပိုင်သတင်းစာ၌ ပြုပြင်တည်ဆောက်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးသီးသန့်ရန်ပုံငွေမှ ကျပ် ၈၄ ဒဿမ ၄၄၄ ဘီလီယံ သုံးစွဲခဲ့သည်ဟု ဖော်ပြပါရှိသည်။

သြဂုတ်လအတွင်းကလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ပြည်ထောင်စုသီးသန့်ရန်ပုံငွေမှ ကျပ် ၂၄ ဘီလီယံ ကို ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုခဲ့ကြောင်းသိရသည်။ ယင်းငွေကို နယ်စပ်ရေးရာ၊ လယ်ယာ/ဆည်မြောင်း၊ ပို့ဆောင်ရေး၊ ပညာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနများ ခွဲဝေရရှိမှာဖြစ်ပြီး စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းများနှင့် ရခိုင်ပြည်နယ်များမှ ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် သုံးစွဲရန်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly