ဆည်ကျိုးပေါက်မှုအတွက် ဆောက်လုပ်ရေးကုမ္ပဏီကို လာအိုအစိုးရ အပြစ်တင်

ဆည်ကျိုးပေါက်မှုအတွက် ဆောက်လုပ်ရေးကုမ္ပဏီကို လာအိုအစိုးရ အပြစ်တင်

ဗီယက်ကျန်း၊ ဇူလိုင် ၂၆ ။    ။ လာအိုနိုင်ငံမှာ လူ ၂၇ ဦး သေဆုံးပြီး ခြောက်ထောင်ကျော်ထက်မနည်း အိုးအိမ်မဲ့ခဲ့ရတဲ့ ဆည် ကျိုးပေါက်မှုနဲ့ ပတ်သက်ပြီး အစိုးရဟာ ဒီဆည်ကို တည်ဆောက်တဲ့ ကုမ္ပဏီကို ဇူလိုင် ၂၆ ရက်မှာ အပြစ်ဆိုလိုက်ပါတယ်။

ဇူလိုင် ၂၃ ရက်က ဖြစ်ပွားခဲ့တဲ့ တည်ဆောက်ဆဲ ရေအားပေးလျှပ်စစ်ထုတ်လုပ်ရေး ဆည်ကျိုးပေါက်မှုဟာ တည်ဆောက်တဲ့ အကျိုးတူဖက်စပ်ကုမ္ပဏီမှာ တာဝန်ရှိတယ်လို့ စွမ်းအင်နှင့် သတ္တုဝန်ကြီး ခမ်မာနီက ဗီယက်ကျန်းမြို့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်တာ ဖြစ်ပါတယ်။

ခု ကျိုးပေါက်မှုဖြစ်တဲ့ ဆည်ကို တောင်ကိုရီးုယားက ကုမ္ပဏီ နှစ်ခု၊ ထိုင်းနဲ့ လာအို ကုမ္ပဏီတစ်ခုစီတို့ အကျိုးတူဖက်စပ် တည်ဆောက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

လူပေါင်း ၁၃၁ ဦး ပျောက်ဆုံးနေဆဲ ဖြစ်တဲ့ ဒီဆည်ကျိုးပေါက်မှုအတွက် ကုမ္ပဏီအနေနဲ့ နစ်နာမှု လျော်ကြေး ပေးအပ်ဖို့ တာဝန်ခံရမှာဖြစ်တယ်လို့ ဝန်ကြီး ခမ်မာနီက ပြောပါတယ်။

“လျော်ကြေးကိစ္စရပ်ကို ပြောရမယ်ဆိုရင် သဘောတူညီချက်အရ ဆည်တည်ဆောက်မှုနဲ့ သက်ဆိုင်တဲ့ မတော်တဆမှု မှန်သမျှကို ကုမ္ပဏီက တစ်ရာ ရာခိုင်နှုန်း တာဝန်ခံရမှာ ဖြစ်ပါတယ်။”လို့ ခမ်မာနီက ပြောပါတယ်။

ခု ဆည်ကျိုးပေါက် ဘေးမှာ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ်ငန်းတွေအတွက် ဗီယက်နမ်ဟာ စစ်တပ်ဖွဲ့ဝင်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ စေလွှတ်ပြီး ကူညီပေးနေပါတယ်။ ထိုင်းနိုင်ငံကလည်း အကူအညီအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းခွဲ ထောက်ပံ့ထားပါတယ်။

ဒီအတူ လာအိုနိုင်ငံရဲ့ ဘေးဒုက္ခကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် တက်တက်ကြွကြွ ပါဝင်အထောက်အကူပေးသွားဖို့ ရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly