ရွှေ့ပြောင်းကလေးငယ်တွေကို မိဘတွေနဲ့ ၂၄ နာရီအတွင်း ပြန်ဆုံဆည်းပေးဖို့ ထရမ့်အစိုးရအား ဒီမိုကရက်အုပ်စု တိုက်တွန်း

ရွှေ့ပြောင်းကလေးငယ်တွေကို မိဘတွေနဲ့ ၂၄ နာရီအတွင်း ပြန်ဆုံဆည်းပေးဖို့ ထရမ့်အစိုးရအား ဒီမိုကရက်အုပ်စု တိုက်တွန်း

ဝါရှင်တန်၊ ဇူလိုင် ၂၆ ။            ။ ရွှေ့ပြောင်း ကလေးငယ် ထောင်ပေါင်းများစွာကို မိဘဖြစ်သူတွေနဲ့ ပြန်လည်ဆုံဆည်းခွင့်ပေးဖို့ ဗဟိုတရားရုံးရဲ့ ရက်သတ်မှတ်ချိန် ကျော်လွန်သွားချိန်မှာ ဒီမိုကရက်တစ်လွှတ်တော်အမတ် အုပ်စုတစ်စုက ၂၄ နာရီအတွင်း မိဘနဲ့ ကလေးငယ်တွေကို ပြန်လည်ဆုံဆည်းပေးဖို့ ထရမ့်အစိုးရကို ဇူလိုင် ၂၅ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

“ကလေးသူငယ်ရေးရာ အမေရိကန်အကယ်ဒမီက ကျွန်တော်တို့ကို ပြောတယ်။ ဒီရွှေ့ပြောင်းဝင်ရောက် ကလေးငယ်တွေ ကြုံနေရတာဟာ အဖွဲ့အစည်းလိုက် ကလေးသူငယ်တွေအပေါ် အလွဲသုံးစား ပြုကျင့်တာပဲလို့ ဆိုတယ်။ လက်သည်ကလည်း ကျွန်တော်တို့ အစိုးရပဲ ဖြစ်တယ်။”လို့ အထက်လွှတ်တော် ဒီမိုကရက်တစ်အမတ် ဒစ်ဒါဘင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျွန်တော်တို့ သမိုင်းမှာ အလွန်ဆိုးဝါးတဲ့ စာမျက်နှာပဲ။ ဗဟိုတရားရုံးရဲ့ သတ်မှတ်ရက် ကျော်လွန်လို့ ကျွန်တော်တို့ ခုလို တိုက်တွန်းလာရတာဖြစ်တယ်။ အစိုးရရဲ့ zero tolerance policy ကြောင့် ဘဝတွေ ထိခိုက်ပြောင်းလဲကုန်ရတော့မှာ ဖြစ်တယ်။”ဆိုပြီး ဒါဘင်းက ဆိုပါတယ်။

အစိုးရရဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေအပေါ် ပေါ်လစီသစ်ဟာ အမေရိကန်ပြည်သူတွေရဲ့ တန်ဖိုးကို ကိုယ်စားမပြုကြောင်း၊ အမေရိကန်ပြည်သူတွေဟာ လူတွေကို ဂရုစိုက်ကြတဲ့ ပြည်သူတွေပဲ ဖြစ်ကြောင်း၊ နိုငငံရေးအမြတ်ထုတ်တဲ့ လုပ်ငန်းစဉ်မှာ ကလေးငယ်တွေက ဓားစာခံမဖြစ်သင့်ကြောင်းလည်း ၎င်းက ပြောခဲ့ပါတယ်။

ထရမ့်အစိုးရရဲ့ zero tolerance policy အရ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာတဲ့ အရွယ်ရောက်သူတွေကို ရာဇဝတ်မှုနဲ့ စွဲချက်တင် ဖမ်းဆီးခြင်းကြောင့် ဆွေမျိုးမိဘတွေနဲ့ ကွဲကွာရတဲ့ ကလေးငယ်ပေါင်း နှစ်ထောင်နီးပါး ရှိခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်ဟာ ဒီအတွက် သူ့ရဲ့ ပေါ်လစီကို ဖြေလျှော့ပြီး မိဘဖြစ်သူတွေနဲ့ ကလေးငယ်တွေကို အတူတူ ထားရှိခွင့် ပြုခဲ့ပေမယ့် လက်ရှိအထိ အသက် ငါးနှစ်အောက် ကလေးငယ် ၁၀၃ ဦးမှာ ၅၈ ဦးသာ မိဘနဲ့ အတူ နေထိုင်ခွင့်ရသေးတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly