ဂရိ၌ တောမီးလောင်မှုကြောင့် သေဆုံးသူ ၈၁ ဦးရှိပြီဖြစ်

ဂရိ၌ တောမီးလောင်မှုကြောင့် သေဆုံးသူ ၈၁ ဦးရှိပြီဖြစ်

ဇူလိုင် ၂၆ ။            ။ “အေသင်မြို့မှာ တောမီးလောင်မှုကြောင့် သေဆုံးသူ ၈၁ ဦးရှိသွားပါပြီ။”လို့ ဂရိအာဏာပိုင်တွေက ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။

အေသင်နဲ့ အနီးတစ်ဝိုက်က မြို့ခံနဲ့ ခရီးသွားဧည့်သည်တချို့ကလည်း မီးတောက်တွေကြားကနေ ပင်လယ်ဘက်ကို ထွက်ပြေးဖို့ကြိုးစားခဲ့ကြပါတယ်။

ဂရိဝန်ကြီးချုပ် Alexis Tsipras ကလည်း ၎င်းရဲ့ Bosnia ခရီးစဉ်ကို ရုပ်သိမ်းလိုက်ပြီး ဝမ်းနည်းကြေကွဲခြင်းအထိမ်းအမှတ်ကို ၃ရက်တာ ကျင်းပတဲ့အတွက် အဆိုပါတောမီးလောင်မှုကို ဂရိတစ်မျိုးသားလုံးရဲ့ဘေးဒုက္ခကြီးအဖြစ် ဂရိသတင်းစာတွေမှာ ဖော်ပြကြပါတယ်။

“မာတီကျွန်းစုကို ဟန်းနီးမွန်းထွက်လာတဲ့ အိုင်းရစ်လူမျိုး Brian O’Callaghan-Westropp ကတော့ ကားထဲမှာတင် မီးလောင်သေဆုံးခဲ့ပါတယ်။ ၎င်းရဲ့ဇနီး Zoe က တခြားကျွန်းစုကို ထွက်ပြေးဖို့ကြိုးစားပေမယ့် မီးလောင်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတက်နေရတယ်။”လို့ ဂရိမှာရှိတဲ့ ဗြိတိသျှသံရုံးအဖွဲ့ဝင်တွေက ပြောပါတယ်။

အိုင်းရစ်လူမျိုးအပါအဝင် ပိုလန်နိုင်ငံသူတစ်ဦးနဲ့ ၎င်းရဲ့သား၊ ဘယ်လ်ဂျီယံနိုင်ငံသားတစ်ဦးပါ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

အဆိုပါတောမီးလောင်မှုကြောင့် ဒဏ်ရာရသူ ၁၈၇ ဦး၊ သေဆုံးသူ ၈၁ ဦးရှိခဲ့ပြီး ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးအဖွဲ့က လိုက်လံရှာဖွေနေလျက်ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly