လာအို ဆည်ကျိုးပေါက်မှု ပျောက်ဆုံးဆဲ လူပေါင်း ၁၃၀ ကျော်ကို ဆက်လက်ရှာဖွေ

လာအို ဆည်ကျိုးပေါက်မှု ပျောက်ဆုံးဆဲ လူပေါင်း ၁၃၀ ကျော်ကို ဆက်လက်ရှာဖွေ

ဇူလိုင် ၂၆ ။          ။ နိုင်ငံတောင်ပိုင်းမှာ ဆည်ကျိုးပေါက်မှုကြောင့် အနီးအနား ကျေးရွာတွေ ရေလွှမ်းခံလိုက်ရပြီး နှစ်ရက်အကြာမှာတော့ လူပေါင်း ၁၃၁ ဦး ပျောက်ဆုံးနေဆဲ ရှိကြောင်း လာအို ဝန်ကြီးချုပ်က ထုတ်ပြန်ပြောကြားသွားပါတယ်။

ယင်း ဘေးဒုက္ခဆိုးဖြစ်စဉ်မှာ သေဆုံးသူဦးရေဟာလည်း ၂၆ ဦးထက်မနည်း ရှိသွားပြီ ဖြစ်ပါတယ်။

လာအို ဝန်ကြီးချုပ် ထောင်လွန်း ဆီဆုလစ်က ဆည်ကျိုးပြီးနောက်ပိုင်း အသေအပျောက်အတိအကျစာရင်းကို သတင်းစာရှင်းလင်းပွဲကနေတဆင့် ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

 ဒါဟာ သိုသိုသိပ်သိပ်ရှိလှတဲ့ ကွန်မြူနစ် နိုင်ငံရဲ့ ခေါင်းဆောင်တစ်ဦးရဲ့ ကြုံတောင့်ကြုံခဲ သတင်းစာရှင်းလင်းပွဲတစ်ခုလည်း ဖြစ်ပါတယ်။

" စုစုပေါင်း ၁၃၁ ယောက် ပျောက်ဆုံးနေဆဲပါ၊ အားလုံးကတော့ လာအိုပြည်သူတွေချည်းပါပဲ" ဟု ၎င်းက ပြောသွားပါတယ်။

ဆည်မကျိုးခင် သက်ဆိုင်ရာက ကြိုတင်အသိပေးချက်ကို ထိရောက်စွာ ထုတ်ပြန်ခဲ့ခြင်း မရှိသည့်အပေါ် အသက်ရှင်လွတ်မြောက်လာသူများက မေးခွန်းထုတ်လျက်ရှိနေပါတယ်။

ဒါ့အပြင် လူ အယောက် ၇၀ ကျော်လောက် ဆေးရုံတက် ကုသမှု ခံယူနေရပြီး လက်ရှိအချိန်မှာ နေအိမ်ခေါင်းမိုးတွေထိ ရေလယ်ဗယ်မြင့်တက်နေမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ နှောင့်နှေးကြန့်ကြာလျက်ရှိကြောင်းလည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly