နျူကလီးယားစခန်း ဖျက်သိမ်းတာကို သက်သေအဖြစ် စောင့်ကြည့်သူများကို ခွင့်ပြုဖို့ မြောက်ကိုရီးယားကို အမေရိကန် တိုက်တွန်း

နျူကလီးယားစခန်း ဖျက်သိမ်းတာကို သက်သေအဖြစ် စောင့်ကြည့်သူများကို ခွင့်ပြုဖို့ မြောက်ကိုရီးယားကို အမေရိကန် တိုက်တွန်း

ဝါရှင်တန်၊ ဇူလိုင် ၂၅ ။           ။ ဆိုဟီး ဒုံးကျည်စမ်းသပ်ရာ အခြေစိုက်စခန်းကို ဖျက်သိမ်းတာမှာ မျက်မြင်သက်သေအဖြစ် စောင့်ကြည့်သူတွေကို ခွင့်ပြုပေးဖို့ မြောက်ကိုရီးယားနိုင်ငံကို အမေရိကန်က တိုက်တွန်းထားကြောင်း နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက ဇူလိုင် ၂၄ ရက်မှာ ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီး ဂျိမ်းမတ်တစ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုတို့ဟာ ၎င်းတို့ အဆင့်တူ သြစတြေးလျဝန်ကြီးတွေနဲ့ ကယ်လီဖိုးနီးယားမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှာ သတင်းထောက်တွေက မြောက်ကိုရီးယားနိုင်ငံဖက်က နောက်ထပ် လုပ်ဆောင်ဖို့ ဘာတွေလိုအပ်မလဲလို့ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

“သူတို့အနေနဲ့ နျူကလီးယား လုံးဝကင်းစင်ရေးအထိ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါကလည်း ခေါင်းဆောင် ကင်ဂျုံးအွန်ကိုယ်တိုင် ကတိခံထားတာ ဖြစ်ပါတယ်။”လို့ ပွန်ပီယိုက ဖြေကြားခဲ့တာပါ။

အထူး ယုံကြည်ရတဲ့ 38 North ဝက်ဘ်ဆိုက်ဟာ ဇူလိုင် ၂၄ ရက်မှာ ပြုံယမ်းဟာ ဆိုဟီးအခြေစိုက်စခန်းကို စတင်ဖျက်သိမ်းနေတဲ့ ဂြိုလ်တုဓာတ်ပုံတွေကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဆိုဟီးစခန်းဟာဆိုရင် အမေရိကန်အထိ ပစ်လွှွတ်နိုင်လောက်တဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေအတွက် အင်ဂျင်တွေကို ကင်ဂျုံးအွန်အစိုးရ တည်ဆောက်ရာ နေရာလည်း ဖြစ်ပါတယ်။

အခု ဒီစခန်းကို ဖျက်သိမ်းဖြိုဖျက်မှု စတင်တဲ့ လုပ်ငန်းစဉ်မှာ နိုင်ငံတကာစောင့်ကြည့်သူတွေ မရှိဘဲ ဆောင်ရွက်နေတာလည်း ဖြစ်ကြောင်း မီဒီယာသတင်းတွေ ဖော်ပြကြပါတယ်။

ဂြိုလ်တုဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ အမေးကို ပွန်ပီယိုက မြောက်ကိုရီးယားရဲ့ လုပ်ဆောင်ချက်ဟာ စင်ကာပူမှာ ဇွန် ၁၂ ရက် ထိပ်သီးအစည်းအဝေးအတွင်း သမ္မတ ထရမ့်ကို ကင်ဂျုံးအွန် ကတိခံခဲ့တာနဲ့ ကိုက်ညီမှုရှိနေပါတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly