လာအိုတွင် ဆည်ကျိုးပေါက်ရာ အနီးက ကျေးရွာများ ရေလွှမ်းပြီး လူရာပေါင်းများစွာ ပျောက်ဆုံးနေ

လာအိုတွင် ဆည်ကျိုးပေါက်ရာ အနီးက ကျေးရွာများ ရေလွှမ်းပြီး လူရာပေါင်းများစွာ ပျောက်ဆုံးနေ

ဗီယက်ကျန်း၊ ဇူလိုင် ၂၄ ။             ။  လာအိုနိုင်ငံမှာ တည်ဆောက်ဆဲ ရေအားလျှပ်စစ်ဓာတ်အားပေးရေး ဆည် ကျိုးပေါက်မှုဖြစ်ရာမှာ လူအချို့ သေဆုံးပြီး ရာပေါင်းများစွာ ပျောက်ဆုံးနေကာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရသူပေါင်း ၆၆၀၀ နီးပါးရှိကြောင်း အာဏာပိုင်တွေကို ကိုးကားပြီး လာအိုသတင်းအေဂျင်စီက ဇူလိုင် ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

သေဆုံးပျက်စီးမှု အတိအကျ အရေအတွက်ကို အာဏာပိုင်တွေက မထုတ်ပြန်နိုင်သေးပါဘူး။

မြို့တော် ဗီယက်ကျန်းမှ အရှေ့တောင်ဖက် ၃၄၀ မိုင်အကွာမှာ ရှိတဲ့ ကျိပန်းကျီနမ်နွမ်ဆည်မှာ ဇူလိုင် ၂၃ ရက်က ကျိုးပေါက်မှုဖြစ်ခဲ့ပြီး ကျေးရွာခြောက်ရွာ ရေလွှမ်းခဲ့တယ်လို့ ယင်းသတင်းအေဂျင်စီက ဖော်ပြပါတယ်။

ဆည်တည်ဆောက်နေရာ အက်တာပူပြည်နယ်က အာဏာပိုင်တွေဟာ ဘေးကြုံရာ ပြည်သူတွေအတွက် အခြေခံလူသားချင်းစာနာထောက်ထားရေး အကူအညီတွေ တောင်းခံထားပါတယ်။

ဝန်ကြီးချုပ် သွန်လောင်စီဆိုလက်ရှ်က ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကွပ်ကဲရေးအတွက် ဒီအရပ်ဒေသကို လာရောက်ဖို့လည်း ရှိနေပါတယ်။

အကျိုးတူ ဖက်စပ်ကုမ္ပဏီဖြစ်တဲ့ ကျိပန်းကျီနမ်နွမ် ဓာတ်အားပေးကုမ္ပဏီ PNPC ဟာ ၂၀၁၃ ခုနှစ်မှာ အခု ဆည်ကို စတင်တည်ဆောက်တာဖြစ်ပြီး ခုနှစ်အတွင်း လည်ပတ်ကာ ဓာတ်အား နှစ်စဉ် ၁ ဒဿမ ၈၆ ဂီဂါဝပ် ထုတ်လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

PNPC နဲ့ မိတ်ဖက်ကုမ္ပဏီဖြစ်ပြီး ဒီဆည်စီမံကိန်းရဲ့ စတော့ရှယ်ယာ ၂၅ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ ထိုင်းနိုင်ငံက ရတ်ချာဘူရီလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ဦးပိုင်ကုမ္ပဏီဟာ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ကြီးမားတဲ့ ရေထုထည်ဟာ စီမံကိန်း ရေလှောင်ကန်အတွင်း စီးဝင်ရာကနေ ဆည်ကျိုးပေါက်ခြင်း ဖြစ်ရတယ်လို့ ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly