“ခင်ဗျားတို့က လူ့အခွင့်အရေးကို စိုးရိမ်တယ်၊ ကျွန်တော်က လူ့ဘဝတွေအတွက် စိုးရိမ်တယ်”လို့ ဒူတာတေး ပြော

“ခင်ဗျားတို့က လူ့အခွင့်အရေးကို စိုးရိမ်တယ်၊ ကျွန်တော်က လူ့ဘဝတွေအတွက် စိုးရိမ်တယ်”လို့ ဒူတာတေး ပြော

မနီလာ၊ ဇူလိုင် ၂၄ ။          ။ “ခင်ဗျားတို့က လူ့အခွင့်အရေးကို စိုးရိမ်တယ်။ ကျွန်တော်က လူ့ဘဝတွေအတွက် စိုးရိမ်တာ ဖြစ်တယ်။”လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ ၎င်းရဲ့ မူးယစ်နှိမ်နင်းရေးစစ်ပွဲနဲ့ ပတ်သက်ပြီး ဝေဖန်ကြသူတွေကို ရည်ညွန်းပြောလိုက်ပါတယ်။

မြို့တော် မနီလာမှာ ပြုလုပ်တဲ့ နှစ်ပတ်လည် နိုင်ငံတော်မိန့်ခွန်းမှာ နိုင်ငံတကာက ဝေဖန်နေတဲ့ ၎င်းရဲ့ မူးယစ်စစ်ပွဲနဲ့ ပတ်သက်ပြီး ခုလို ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။

အသက် ၇၃ နှစ်အရွယ် ဒူတာတေးဟာ ၂၀၁၆ က သမ္မတအဖြစ် တက်လာချိန်ကစပြီး မူးယစ်စစ်ပွဲ ဆင်နွှဲခဲ့ရာမှာ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရတာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးအုပ်စုတွေက ပြင်းပြင်းထန်ထန် ဝေဖန်လျက်ရှိပါတယ်။

ဒါပေမယ့် ဒူတာတေးဟာ ခု နိုင်ငံတော်မိန့်ခွန်းပြောကြားရာမှာ မူးယစ်စစ်ပွဲကို ဆက်လက်ဆင်နွှဲသွားမှာဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ပထမနှစ်နှစ်တာ သမ္မတ သက်တမ်းအတွင်း မူးယစ်နှိမ်နင်းရေး စစ်ပွဲဟာ သနားအကြင်နာမဲ့ပြီး ကြောက်မက်ဖွယ် ဖြစ်နေလိမ့်မယ်လို့လည်း ပြောပါတယ်။

ဒူတာတေးရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ပွဲက ရဲစီးနင်းမှုတွေအတွင်း လူပေါင်း ၄၂၀၀ အသတ်ခံရပြီး လူသတ်မှုပေါင်း ၂၃၅၀၀ ထက်မနည်းကိုလည်း စုံစမ်းစစ်ဆေးနေရဆဲ ဖြစ်ပါတယ်။

သမ္မတ ဒူတာတေးဟာ နိုင်ငံရဲ့ တောင်ပိုင်းက တည်ငြိမ်မှုကင်းမဲ့ရာ နယ်မြေဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် ပိုမိုပေးမယ့် ဥပဒေကြမ်းတစ်ရပ်ကို အတည်ပြုပေးရန်လည်း လွှတ်တော်အမတ်တွေကို ခုမိန့်ခွန်းကနေ တိုက်တွန်းခဲ့ပါတယ်။

မန်ဒါနာအို တောင်ပိုင်းကျွန်းက မွတ်စလင်ခွဲထွက်ရေးသမားတွေနဲ့ ဖိလစ်ပိုင် ဗဟိုအစိုးရကြားက အာရှရဲ့ အရှည်ကြာဆုံး ခွဲထွက်ရေးပဋိပက္ခ ပြေလည်စေရေး ဥပဒေကြမ်းကို လက်မှတ်ထိုးပေးမှာ ဖြစ်ကြောင်း ဒူတာတေးက ကတိပြု ပြောကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly