ဒူတာတေးရဲ့ နိုင်ငံတော် မိန့်ခွန်း အကြိုမှာ ကန့်ကွက်သူနဲ့ ထောက်ခံသူများ ဆန္ဒပြမှု တစ်ပြိုင်တည်း ဖြစ်ပွား

ဒူတာတေးရဲ့ နိုင်ငံတော် မိန့်ခွန်း အကြိုမှာ ကန့်ကွက်သူနဲ့ ထောက်ခံသူများ ဆန္ဒပြမှု တစ်ပြိုင်တည်း ဖြစ်ပွား

မနီလာ၊ ဇူလိုင် ၂၃ ။            ။ ဖိလစ်ပိုင် သမ္မတ ဒူတာတေးရဲ့ နိုင်ငံတော်မိန့်ခွန်း ပြောကြားဖို့ ပြင်ဆင်နေစဉ်မှာ ဇူလိုင် ၂၃ ရက်က မနီလာက လမ်းတွေမှာ ထောက်ခံသူအုပ်စုတွေနဲ့ ကန့်ကွက်သူတွေ ရာပေါင်းများစွာရဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်ပါတယ်။

သမ္မတ ရိုဒရီဂိုဒူတာတေးရဲ့ ပေါ်လစီတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြသူ ၂၅၀ ခန့်ဟာ ကွီဇွန်မြို့မှာ စုရုံးချီတက်ကြပါတယ်။

တစ်ချို့သော ဆန္ဒပြသူတွေဟာ သွားစွယ်တွေနဲ့ လူဦးခေါင်းပုံစံတူကို မီးရှို့ကြတာကိုလည်း တွေ့မြင်ရပါတယ်။ “ဒူတာတေး နုတ်ထွက်”ဆိုတဲ့ စာသားတွေ ရိုက်နှိပ်ထားတဲ့ တီရှပ်တွေ ဝတ်ဆင်ထားကြသလို ဆိုင်းဘုတ်တွေ ကိုင်ဆောင်ချီတက်ကြတဲ့ ဆန္ဒပြသူတွေကိုလည်း တွေ့မြင်ရပါတယ်။

ကန့်ကွက်ဆန္ဒပြ အင်အားနီးပါးလောက်ပဲ ရှိတဲ့ လူအင်အားအုပ်စုကတော့ ဒူတာတေးကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ကြပါတယ်။ “ကျွန်တော်တို့ သမ္မတ ဒူတာတေးကို ထောက်ခံတယ်။”ဆိုတဲ့ ကြေညာစာတမ်းကြီးကိုလည်း ကိုင်စွဲထားကြတာ ဖြစ်ပါတယ်။

ဒီအုပ်စုနှစ်ရပ်စလုံးဟာ ဒူတာတေး နိုင်ငံတော်မိန့်ခွန်း ပြောကြားမယ့် ကွန်ဂရက်အဆောက်အအုံကို ဦးတည်ချီတက်ခဲ့ကြပါတယ်။

လမ်းတွေမှာ ရဲဒါဇင်အချို့ ဖြန့်ကြက်ချထားပေမယ့် အကြမ်းဖက်တာ၊ ဖမ်းဆီးတာမျိုး မမြင်မကြားရကြောင်း သတင်းက ဖော်ပြပါတယ်။

ဒူတာတေးရဲ့ ဒီနှစ် နိုင်ငံတော် မိန့်ခွန်းဟာ မနှစ်က မိန့်ခွန်းလို အစိုးရရဲ့ ဖော်ဆောင်အောင်မြင်မှုတွေကို အသားပေး ပြောသွားမယ့် မိန့်ခွန်းမျိုး မဟုတ်ဘဲ လာမယ့် ဆယ့်နှစ်လတာအတွက် သမ္မတရဲ့ လုပ်ကိုင်ဖော်ဆောင်မယ့် ရည်မှန်းချက်တွေကို ဦးတည်ထား ပြောကြားမယ့် မိန့်ခွန်းဖြစ်တယ်လို့ သမ္မတပြောခွင့်ရသူ ဟယ်ရီရိုးက ပြောခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags