ဇူလိုင် ၂၀ ။ ။ သမိုင်းတစ်လျှောက် မကြုံစဖူး မိုးခေါင်မှုကြောင့် ဆွီဒင်နိုင်ငံမှာ ယခင်က စိမ်းစိုနေခဲ့တဲ့ စားကျက်မြေ တော်တော်များများကတော့ ယခုအခါ ခြောက်သွေ့ညှိုးရော်နေရပါပြီ။ အခြေအနေအရ တောင်သူတွေဟာလည်း ၎င်းတို့တွေရဲ့ တိရိစ္ဆာန်တွေကို ကျွေးစရာ မြက်ခြောက် လက်ကျန်မရှိတော့တာကြောင့် သားသတ်ရုံကို မလွှဲသာဘဲ ပို့နေရတဲ့ အဖြစ် ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
" ခု အခြေအနေမျိုး ကျွန်တော့်တစ်သက်မှာ တစ်ခါမှာ မကြုံခဲ့ဖူးပါဘူး၊ ဒါ အဆိုးဆုံးအခြေအနေပါ၊ ကျွန်တော့်အဖေဆို ဒီမှာ တောင်သူလုပ်လာတာ နှစ် ၆၀ လောက်တောင် ရှိပေ့ါ၊ သူလည်း ဒီလို အဖြစ်မျိုး အရင်တစ်ခါမှ မကြုံဖူးဘူးလို့ ပြောတယ်ဗျ" ဆိုပြီး စတော့ဟုမ်းမြို့ မြောက်ပိုင်း Norrtalje မြို့နေ ဂျက်ကော့ဘ် ဂက်စ်တောဆန် ဆိုသူ လယ်ယာလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
အသက် ၄၇ နှစ်အရွယ် ဂျက်ကော့ဘ်ရဲ့ မျက်ဝန်းတွေကတော့ ကောင်းကင်ယံဆီ ရောက်နေပြီး ဖြည်းဖြည်းချင်း ရွေ့နေတဲ့ တိမ်စိုင်တိမ်သားတွေကို မော်ကြည့်နေရှာပါတယ်။
လက်ရှိ အချိန်မှာ ဆွီဒင်မှာ ရာစုနှစ်တစ်စုအတွင်း အပူပြင်းဆုံး အပူချိန်နဲ့ ကြုံတွေ့နေရပြီဖြစ်ပြီး မိုးမရွာတာလည်း အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။
" မေလဆိုရင် နိုင်ငံတောင်ပိုင်းနဲ့ အလယ်ပိုင်းမှာ မကြုံစဖူးအောင် အပူချိန် မြင့်ခဲ့ပါတယ်၊ ဇွန် ဆိုရင် ဆွီဒင် တောင်ဘက်စွန်းမှာ နှစ် ၁၀၀ ကျော်အတွင်း အပူဆုံးအချိန် ဖြစ်ခဲ့ပါတယ်" ဆိုပြီး ဆွီဒင်မိုးလေဝသ ဌာနမှ တာဝန်ရှိသူ ဆဗာကာ ဟယ်လ်စထရွမ်က ပြောပါတယ်။
အပူချိန် မြင့်တက်နေလို့ တစ်နေ့တစ်နေ့ကို တောမီးအရေအတွက် ၂၀ ကနေ ၃၀ အကြားလောက် မီးသတ်သမားတွေ ငြှိမ်းသတ်နေရတယ်လို့လည်း သိရပါတယ်။
လက်ရှိကာလမှာတော့ ဆွီဒင်အပါအဝင် ဒိန်းမတ်၊ နော်ေ၀ တောင်ပိုင်းနဲ့ ဖင်လန် မြောက်ပိုင်းတို့မှာ အပူချိန်လွန်ကဲမှု ဖြစ်နေပြီး ယင်းအခြေအနေမှာ ခပ်မြန်မြန် ကုန်ဆုံးသွားဖွယ် မရှိသေးကြောင်း ရာသီဥတု လေ့လာသူတွေက ပြောပါတယ်။