၂၂ နှစ်ကြာ ကိုယ့်စိန်ခေါ်မှုတွေနဲ့ကိုယ် ပြန်ပိတ်မိနေခဲ့ရတယ်လို့ဆိုခဲ့တဲ့ အာစင်ဝင်းဂါး

၂၂ နှစ်ကြာ ကိုယ့်စိန်ခေါ်မှုတွေနဲ့ကိုယ် ပြန်ပိတ်မိနေခဲ့ရတယ်လို့ဆိုခဲ့တဲ့ အာစင်ဝင်းဂါး

ဇူလိုင် ၁၈၊ ပဲရစ်။                ။ အာဆင်နယ်အသင်းမှာ နှစ်ပေါင်း ၂၂ နှစ်ထိကြာအောင် နည်းပြနေခဲ့မိတာက အကြီးဆုံးအမှားဖြစ်ပြီး ကိုယ့်စိန်ခေါ်မှုတွေနဲ့ ကိုယ်ပြန်ပိတ်မိနေခဲ့ရတယ်လို့ နည်းပြဟောင်း အာစင်ဝင်းဂါးက RTL ရုပ်သံနဲ့ အင်တာဗျူးမှာ ပြောဆိုလိုက်ပါတယ်။

အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို ဆယ်စုနှစ် နှစ်ခုကျော်ကြာအောင် ကိုင်တွယ်နည်းပြခဲ့ပြီး ပရီးမီးယားလိဂ်ဖလား သုံးကြိမ်၊ အက်ဖ်အေဖလား ခုနစ်ကြိမ် ရရှိခဲ့ပါတယ်။

၂၀၀၃-၀၄ ရာသီတုန်းက တစ်ရာသီလုံး ရှုံးပွဲမရှိအောင်လည်း စွမ်းဆောင်နိုင်ခဲ့တဲ့ အာစင်ဝင်းဂါးဟာ ပြီးခဲ့တဲ့ ရာသီကုန်မှာတော့ အသင်းကနေ ထွက်ခွာခဲ့ပါတယ်။

နောက်ထပ် ဘယ်အလုပ်ကို ပြောင်းလဲလုပ်ကိုင်ရမယ်ဆိုတာ မသိသေးဘူးလို့လည်း အသက် ၆၈ နှစ်အရွယ် အာစင်ဝင်းဂါးက ဝန်ခံခဲ့ပါတယ်။

သူ့ရဲ့အကြီးဆုံးအမှားက ဘာလဲဆိုတဲ့ မေးခွန်းကို အာစင်ဝင်းဂါးက “အသင်းတစ်သင်းတည်းမှာ ၂၂ နှစ်လောက်ကြာအောင် နေခဲ့မိတာ ဖြစ်နိုင်ပါတယ်။

ကျွန်တော်က လှုပ်ရှားပြောင်းရွှေ့နေရတာကို ကြိုက်တဲ့သူဖြစ်နေပေမယ့် စိန်ခေါ်မှုတစ်ခုကိုလည်း ကြိုက်တဲ့သူ ဖြစ်နေပြန်တယ်။ ကိုယ့်စိန်ခေါ်မှုရဲ့အောက်မှာ ကိုယ်ပြန်ပြီး အကျဉ်းကျနေသူ ဖြစ်ခဲ့ရတယ်”လို့ ပြန်ဖြေခဲ့တာပါ။

အာဆင်နယ်အသင်းကို ပရီးမီးယားလိဂ်မှာ ထိပ်သီးအသင်းတစ်သင်းအဖြစ် ဆက်လက်ယှဉ်ပြိုင်နိုင်အောင်လည်း သူ့ဘဝမှာ သာမန်ထက်ပိုတဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ အများကြီး လုပ်ခဲ့ရတယ်လို့လည်း အာစင်ဝင်းဂါးက ဆိုခဲ့ပါတယ်။

“ကျွန်တော် စွန့်လွှတ် အနစ်နာခံခဲ့ရတာတွေအတွက် နောင်တရမိပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီလိုလုပ်ခဲ့တာတွေက ကျွန်တော့်နားကလူတွေကို ထိခိုက်နာကျင်အောင် လုပ်ခဲ့မိသလို ဖြစ်ခဲ့ရတယ်ဆိုတာ နားလည်သွားလို့ပါ။

မိသားစုအပေါ် ပျက်ကွက်ခဲ့တယ်။ ရင်းနှီးတဲ့သူတွေကို ဂရုမစိုက်မိခဲ့ဘူး။ ကိုယ်လုပ်ချင်တာလုပ်နေရဖို့ ဘာကိုမှဂရုမစိုက်တဲ့ တကိုယ်ကောင်းဆန်သူတစ်ယောက်လို့တောင် အတွေးတွေဝင်လာတယ်”လို့လည်း အာစင်ဝင်းဂါးက ပြောဆိုခဲ့ပါတယ်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly