စစ်တွေ၊ ဇူလိုင်လ ၁၄ ရက်။ ။ ရခိုင်ပြည်နယ်တွင် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးမှုသည် သတ်မှတ် ကာလ အတွင်း မပြီးစီးသေးသည့်အတွက် ချေးငွေထုတ်ချေးမှု ကာလကို တစ်လ တိုးမြှင့်သတ်မှတ်ထားကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
အဆိုပါ ချေးငွေကို ပြီးခဲ့သည့် မေလမှ ဇွန်လကုန်အထိသာ နောက်ဆုံးထားပြီး ငွေထုတ်ချေးရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ စီစဉ်ခဲ့သော်လည်း နောက်မှ ချေးငွေပြန်လာဆပ်သည့် တောင်သူများရှိနေ၍ ၎င်းတို့ကို ငွေပြန်လည်ထုတ်ချေး ပေးနေရခြင်းကြောင့် ထုတ်ချေးမှုကာလကို တစ်လတိုးမြှင့် သတ်မှတ်ခြင်း ဖြစ်သည်။
“ချေးငွေထုတ်ချေးတာ မပြီးလို့ နောက်ထပ် တစ်လတိုးပေးထားတယ်။ ဒီလကုန်ထိပေါ့။ အရင်ဆပ်တဲ့သူတွေကို ထုတ်ချေးတယ်။ နောက်ထပ် လာဆပ်ကြတယ်။ နောက်လာဆပ်တဲ့ သူတွေကို ပေးဖို့ စီစဉ်ရတာပေါ့။ ဒါကြောင့် အချိန် တစ်လ တိုးလိုက်တာပါ။”ဟု မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးအေးသိန်းက ပြောသည်။
ယခုနှစ် မိုးစပါးစိုက် တောင်သူပေါင်း ၁၂၀၀၀၀ ကျော်အတွက် မြန်မာ့လယ်ယာ ဖွ့ံ့ဖြိုးရေးဘဏ်မှ ငွေကျပ် ၉၀ ဒဿမ ၆၆ ဘီလီယံကို ထုတ်ချေးပေးနေခြင်းဖြစ်ပြီး ယခင်နှစ်က ချေးငွေများကို ပြေကျေအောင် ပြန်ဆပ်ပြီးသည့် တောင်သူများ ကိုသာ ငွေထုတ်ချေးပေးနေခြင်းလည်း ဖြစ်သည်။
အဆိုပါ စိုက်ပျိုးစရိတ် ချေးငွေထုတ်ပေးရာတွင် တောင်သူတစ်ဦးချင်းစီကို စာချုပ် ချုပ်ဆိုပြီး လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ (၇) မူရင်းကို အာမခံအဖြစ် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်မှာ အပ်နှံရသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က မိုးစပါးစိုက် တောင်သူပေါင်း ၁ သိန်းကျော်ကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ ကျပ် ဘီလီယံ ၈၀ ကျော် ထုတ်ချေးပေးခဲ့သည်။
ယင်းအပြင် ပြီးခဲ့သည့်နှစ်က ချေးငွေများအား ပြန်ဆပ်ရန် စည်းလုံး၍ မရသည့် တောင်သူများကို မြန်မာ့လယ်ယာ ဖွ့ွံဖြိုးရေးဘဏ် ဥပဒေပါ ပြဌာန်းချက်အတိုင်း တရားစွဲဆိုရန် ဝန်ထမ်းအင်အား မလုံလောက်သည့်အတွက် တရားစွဲဆိုမှု အပိုင်းကို မလုပ်ဆောင်နိုင်သေးဘဲ ယခုချေးငွေ ထုတ်ချေးမှုပြီးစီးမှ စတင်လုပ်ဆောင်ရမည်ဟု ပြည်နယ်မန်နေဂျာ ဦးအေးသိန်းက ဆိုသည်။