တပ်ချုပ်စကား မှားတယ်ဟု NLD CEC ဦးဉာဏ်ဝင်း ပြော

တပ်ချုပ်စကား မှားတယ်ဟု NLD CEC ဦးဉာဏ်ဝင်း ပြော

နေပြည်တော် ၊ ဇူလိုင် ၁၂ ။           ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောဆိုခဲ့သည့် မိန့်ခွန်းထဲ၌ ပြည်သူများ ကိုယ်စားပြုမှုနှင့် ပတ်သက်ပြီး ပြောဆိုခဲ့သည့်အချက်သည် မှားယွင်းနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်  ဦးဉာဏ်ဝင်းက ပြောဆိုလိုက်သည်။

“ပြင်းထန်တာ မပြင်းထန်တာ မသိဘူး။ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေဟာ မဲပေးတဲ့သူတွေပဲ ထောက်ခံတာ သူတို့အတွက်ပဲ ကိုယ်စားပြုတယ်လို့ ပြောတဲ့စကားတော့ လုံးဝ မှားတယ်လို့ပဲ ပြောချင်တယ်” ဟု ဦးဉာဏ်ဝင်းက ညီလာခံဒုတိယနေ့ အစည်းအဝေးတွင် မီဒီယာများကို ပြောဆိုခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တစ်နိုင်ငံလုံးကို ကိုယ်စားမပြုကြောင်း ၊နိုင်ငံရေးပါတီများသည်လည်း ပါတီကို ထောက်ခံသူများသာ ကိုယ်စားပြုကြောင်း တပ်မတော်သာလျှင် ပြည်သူကို ကိုယ်စားပြုသည့်အဖွဲ့ဖြစ်ကြောင်း  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အချို့သော ဒေသမှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဟာ ၅၂ သန်းသော တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုတာ မဟုတ်သလို နိုင်ငံရေးပါတီများဟာလည်း သူတို့ကို ထောက်ခံသူများကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။ ကျွန်တော်တို့တပ်မတော်ဟာ တိုင်းရင်းသား ပြည်သူလူထုက ပေါက်ဖွားလာတဲ့ ပြည်သူ့တပ်မတော်ဖြစ်တာနဲ့အညီ နိုင်ငံတော်နဲ့ပြည်သူလူထုကို ကိုယ်စားပြုရတဲ့ အဖွဲ့ အစည်းဖြစ်ပါတယ်” ဟု ဗိုလ်ချပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတစ်နိုင်ငံတွင် တပ်မတော်တစ်ခုတည်းသာရှိခြင်းကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံတကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတိုင်း   ဆောင်ရွက်သင့်သည်ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောစကားနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများအကြား ၊ လေ့လာသုံးသပ်သူများ အကြားတွင် ဝေဖန်ပြောဆိုနေမှုများ လည်း ရှိနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly