မဲဆွယ်ကာလအတွင်း အစိုးရပိုင်ပစ္စည်းသုံးသည့် အစိုးရအဖွဲ့ ဝန်ကြီးများကို တိုင်ရန် ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးပြော

မဲဆွယ်ကာလအတွင်း အစိုးရပိုင်ပစ္စည်းသုံးသည့် အစိုးရအဖွဲ့ ဝန်ကြီးများကို တိုင်ရန် ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးပြော

ရန်ကုန် စက်တင်ဘာ ၂ ။         ။ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် အစိုးရပိုင်ပစ္စည်းများ သုံးစွဲကာ မဲဆွယ်သည့် အစိုးရအဖွဲ့ဝန်ကြီးအပါအဝင် ဝင်ရောက်ယှဉ်ပြိုင်သူ အားလုံးကို သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက စက်တင်ဘာ ၂ရက် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

"ဝန်ကြီးတွေက အစိုးရကားတွေကို သုံးမယ်ဆိုရင်တော့ ဥပဒေနဲ့ငြိတယ်။ သူတို့အဲလိုလုပ်မယ်ဆိုရင်တော့ မိုက်မဲတာပဲ။ အခန်း ၁၂၊ ၁၃နဲ့ ငြိတယ်။ အဲဒါက ရဲအရေးပိုင်တဲ့ အမှုပါ။ သက်ဆိုင်ရာပါတီတွေက တိုင်ရင် ရဲက အရေးယူလိမ့်မယ်။ ကော်မရှင်ကတော့ လုပ်မှာမဟုတ်ဘူး" ဟုပြောသည်။

ရွေးကောက်ပွဲဥပဒေ အခန်း ၁၂သည် ရွေးကောက်ပွဲ ကုန်ကျစရိတ်နှင့် အခန်း ၁၃တွင် ရွေးကောက်ပွဲဆိုင်ရာ ကိုယ်စားလှယ်လောင်းတို့၏ ပြစ်မှုနှင့် ပြစ်ဒဏ်များကို ပြဌာန်းထားသည်။ ယင်းအခန်းများ သည်ရွေးကောက်ပွဲကို ထိပါးစေသော အချက်များဖြစ်သဖြင့် ချိုးဖောက်ပါက သက်ဆိုင်ရာပါတီများက ရဲဌာနသို့ တိုင်ကြားကြရမည်ဖြစ်သည်။

"အခုဝန်ကြီးတွေလုပ်နေတာက ဒေသဖွံ့ဖြိုးရေးလို့ပြောလို့ရတယ်။ ဒါကအစိုးရတာဝန်ပဲ။ အားလုံးကနိုင်ခဲ့ရင် အဲဒီလိုပဲလုပ်ကြမှာပဲ၊ အဲဒီအချိန်ကိုတော့ သည်းခံပါလို့ မနေ့ကလည်း ကျွန်တော်ရှင်းပြခဲ့ ပါတယ်" ဟု ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောသည်။

မဲဆွယ်စည်းရုံးကာလကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နှစ်လထိ ခွင့်ပြုပေးမည်ဖြစ်ပြီး စက်တင်ဘာလ ၈ရက်မှ နိုဝင်ဘာ ၆ရက်ထိ ခွင့်ပြုထားသည်။

"တောင်ဥက္ကလာမှာတော့ ဆေးကုပေးတယ်ဆိုပြီး ဆိုင်းဘုတ်လေးတွေ တွေ့တယ်။ အခုတစ်ပတ်လောက်မှ အရင်တစ်ခါမှမရှိခဲ့ဘူး။ ဒါကလည်း သူဟာနဲ့သူ လုပ်နေကြတာပဲ၊ ကျွန်တော်တို့တော့ တစ်သီး ပုဂ္ဂလိဆိုတော့ မလုပ်ပေးနိုင်ဘူး" ဟု ရန်ကုန်တိုင်း အမှတ် ၃ အမျိုးသားလွှတ်တော်မှ ဝင်ရောက်မည့် တစ်သီးပုဂ္ဂလ အမတ်လောင်း ဦးဘုန်းမြင့်အောင်က မဇ္ဈိမကိုပြောသည်။

လက်ရှိကာလသည် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးသည့် ကာလမဟုတ်သဖြင့် မဲဆွယ်မှုများကိုပြုလုပ်ခွင့် မရှိသော်လည်း ပါတီစည်းရုံးရေး လုပ်ငန်းများကိုမူ ကော်မရှင်က ခွင့်ပြုထားသည်။

မဲဆွယ်ကာလရောက်ရှိပါက ယင်းသို့ ဝန်ကြီးများ၏ အစိုးရအသုံးအဆောင်ပစ္စည်းများသုံးစွဲခြင်းအပြင် အခြား ငွေကြေးအသုံးပြုသည့် စာရင်းများကို ကုန်ကျစားရိတ်အတွင်းထည့်သွင်းခြင်း မရှိပါကရွေးကောက်ပွဲ ဥပဒေ အခန်း ၁၂၊ ၁၃ တို့ဖြင့် ငြိစွန်းမည်ဟု ဦးတင်အေးကဆိုသည်။

၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ရက်တွင် ကျင်းပမည်ဖြစ်ပြီး တတိယအကြိမ် မဲစာရင်းကို စက်တင်ဘာ ၁၄ ရက်တွင် နှစ်ပတ်ကြာထက်မံထုတ်ပြန်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly