တောင်ငူတွင် တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးအသတ်ခံရ

တောင်ငူတွင် တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးအသတ်ခံရ

 

ရန်ကုန်၊ ဇူလိုင်လ ရ ။              ။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရန်ကုန်- မန္တလေးလမ်းဟောင်းမှ အမြန်လမ်းသစ်ဘက်သို့ ဖြတ်တက် သည့် ထီးလှိုင်ရွှေဂူကြီးအနီးတွင် တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးအား KTV ဆိုင်ဝန်ထမ်းသုံးယောက်က အုပ်စုဖွဲ့ သတ်မှုဖြစ်ပွားခဲ့ကြောင်း တောင်ငူမြို့ အမှတ်(၂) နယ် မြေရဲစခန်းမှ ရဲအရာရှိက မဇ္စျိမသို့ အတည်ပြုပြောသည်။

 သေဆုံးသူ၏ ရုပ်အလောင်းအား ယနေ့ ဇူလိုင်လ ရ ရက်နေ့၊ နံနက် ၃ နာရီခန့်အချိန် ထီးလှိုင် ရွှေဂူကြီးအနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်မှ ကျောက်ထနောင်း၊ ခမရ (၅၈၁)တွင် တာဝန်ထမ်းဆောင်နေသူ အသက်(၂၆)နှစ်အရွယ်ရှိ ဗိုလ်ကြီးအာကာဖြိုး(ခ)အေးချမ်းကိုကို ဖြစ်ကြောင်း သိရသည်။
 
ယင်းရုပ်အလောင်းတွင် ပါရှိသည့် နိုင်ငံသားမှတ်ပုံတင်နှင့် အရာရှိစစ်ဆေးရေးကဒ်ပြားများတွေ့ရှိရာမှ တဆင့် နာမည်နှင့် တာဝန်ထမ်းဆောင်သည့် ရာထူးအား သိရှိခဲ့ခြင်းဖြစ်ကြောင်း တောင်ငူမြို့ အမှတ်(၂) နယ် မြေရဲစခန်းမှ သိရသည်။

 “ သေဆုံးသူက ဗိုလ်ဗျ။ နှစ်ပွင့်နဲ့။ တရားခံ ၃ ဦးလည်း ဖမ်းမိထားပါပြီ။ အခုကျွန်တော်တို့ သက်သေခံပစ္စည်း တွေ ထပ်သိမ်းဖို့သွားနေပါတယ်။ လက်ရှိအခြေအနေကတော့ ဒီအမှုက ပေါ်ပေါက်ပြီးဖြစ်တဲ့အတွက် ကြောင့် မို့လို့ နောက်ထပ်ရဲ လုပ်ထုံးလုပ် နည်းနဲ့အညီတရားစွဲဖို့ ဆောင်ရွက်နေပါတယ်။ ဖြစ်သွားတာကတော့ စကားအပြော အဆိုအဆင်မပြေလို့ ခင်ဗျ။ လူငယ်တွေဆိုတော့ ဒေါသတွေ အလျောက်ဖြစ်တာပေါ့ခင်ဗျာ”ဟု ရဲအရာရှိက ပြောသည်။

 အခင်းဖြစ်ပွားချိန်မှာ ဇူလိုင်လ ရ ရက်၊ ၁ နာရီခွဲနှင့် ၂ နာရီကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းအား နံနက် ၃ နာရီခန့်တွင် ဝဲဘက်ရင်အုံ၊ ဝဲဘက်နံကြား၊ နံစောင်းများတွင် ထိုးသွင်း ဒဏ်ရာများ၊ အောက်မေးဘက် ပြတ်ရှဒဏ်ရာ၊ နာရွက်နောက် ထိုးသွင်းဒဏ်ရာများအပါအဝင် နဖူးပွန်းခြစ်ဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ သိသလောက်ကတော့ သူ့က ( သေဆုံးသူ ဗိုလ်ကြီး) KTV ကပြန်လာတာ။ “အမေ့သား”ဆိုတဲ့ KTV ကပြန် လာတာ။ ဆိုင်ထဲမှာ စားပွဲထိုးဝိတ်တာတွေနဲ့ ပြဿနာတက်ခဲ့တယ်တူပါတယ်။ စကားများခဲ့တယ်နဲ့ တူပါတယ်။ အဲ့ဒါနဲ့ သူလည်းပြန်အထွက် သူကို သုံးယောက်က ဝိုင်းပြီးတော့ထိုးကြတာပေါ့။ မနက်ပိုင်း ၃ နာရီမှာ အလောင်း ကို တွေ့တယ်။ မနက်ဖြန်တော့ ထွေအုပ်မှာ KTV ဆိုင်တွေ အကုန်ခေါ်ထားတယ်လို့ ကြားတယ်”ဟု တောင်ငူမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးမိုးမခက ပြောသည်။

ရုပ်အလောင်းတွေ့ရှိပြီးနောက် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ကျူးလွန်သူများကို စုံစမ်းရှာဖွေခဲ့ရာ ယနေ့ ဇူလိုင်လ ရ ရက်၊ နံနက် ၈ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း တောင်ငူမြို့ အမှတ်(၂) နယ် မြေရဲစခန်းမှသိရသည်။ အုပ်စုဖွဲ့ လူသတ်မှုကျူးလွန်ခဲ့သူဟု ဆိုသူများမှာ “အမေ့သား”အအေးခန်း KTV မှ ဝိတ်တာခေါင်းဆောင် အသက် ၂၂ နှစ်အရွယ် သိန်းသန်းဝင်း၊ အသက် ၂၄ နှစ်အရွယ် ဘိုဘိုမင်းဆိုသူနှင့် အသက် ၂၁ နှစ်အရွယ် အောင်ကိုကိုဆိုသူတို့ ၃ ဦးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့ ၃ ဦးကို တောင်ငူမြို့အမှတ်(၂)နယ်မြေရဲစခန်းတွင် (ပ) ၅၉၁/၂ဝ၁၈ ၊ ရာဇသတ်ကြီးပုဒ်မ- ၃ဝ၂ ဖြင့် အမှုဖွင့်အရေးယူထားပြီး သက်သေခံပစ္စည်းများလိုက်လံသိမ်းဆည်းကာ အရေးယူဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly