အင်ဒိုနီးရှားတွင် ကူးတို့ရေယာဉ် နစ်မြုပ်၍ လူ ၃၄ ဦး သေဆုံး

အင်ဒိုနီးရှားတွင် ကူးတို့ရေယာဉ် နစ်မြုပ်၍ လူ ၃၄ ဦး သေဆုံး

ဂျကာတာ၊ ဇူလိုင် ၄ ။            ။ အင်ဒိုနီးရှားနိုင်ငံ တောင်ပိုင်း ဆူလာဝေစီကျွန်းတွင် ခရီးသည် ၁၈၉ ဦး တင်ဆောင်လာသော ကူးတို့ရေယာဉ် တိမ်းမှောက်နစ်မြုပ်သဖြင့် လူ ၃၄ ဦး သေဆုံးခဲ့ကာ ၁၅၅ ဦးကို ကယ်ဆယ်ခဲ့ရကြောင်း ဇူလိုင် ၄ ရက် ထုတ်ပြန်သည့် အစိုးရ သတင်းအချက်အလက်များအရ သိရသည်။

သေဆုံးသူများတွင် ကလေးငယ် ခြောက်ဦး ပါဝင်ကြောင်း အီးပီအေသတင်းဌာနက ရရှိသည့် အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ကူးတို့ရေယာဉ်သည် တင်ဆောင်နိုင်သောဝန်ထက် ပိုကာ ခရီးသည်များကို ဦးရေ ၃၀ အထိ ပိုလွန် တင်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဘူလူကမ်ဘာခရိုင် သဘာဝဘေးစီမံခန့်ခွဲရေးအေဂျင်စီမှ ပြောဆိုခွင့်ရှိသူ ဒါဖီမူကရီက ပြောသည်။

အဆိုပါ ကူးတို့ရေယာဉ်တွင် မော်တော်ကား ၄၈ စီးပါ တင်ဆောင်လာခြင်း ဖြစ်ပြီး ဘီရာဆိပ်ကမ်းမှ ပါမာတာတာဆိပ်ကမ်းသို့ ဦးတည်ခုတ်မောင်းစဉ် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

နစ်မြုပ်သည်မှာ ကမ်းခြေမှ မီတာ ၃၀၀ အကွာတွင် နစ်မြုပ်ခြင်းလည်း ဖြစ်သည်။

ကျွန်းပေါင်း ၁၇၀၀ ကျော်ဖြင့် ဖွဲ့စည်းကာ လူဦးရေ သန်း ၂၆၀ ရှိသော အင်ဒိုနီးရှား ကျွန်းနိုင်ငံတွင် ကူးတို့ရေယာဉ်များသည် လူအများ အသုံးပြုစီးနင်းအများဆုံးသော ခရီးသွားဝန်ဆောင်မှုဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly