မလေးရှားနိုင်ငံတွင် ဝန်ကြီးချုပ်အား အကျင့်ပျက်ခြစားမှုစွပ်စွဲချက်များဖြင့် နှုတ်ထွက်ရေးတောင်းဆိုဆန္ဒပြမှုများကို စီစဉ်ကြသူများအား ရဲက သမ္မန်ဆင့်ခေါ်ခဲ့သည်။
ဆန္ဒပြပွဲခေါင်းဆောင်တစ်ချို့ကို ရဲစခန်းသို့လာရောက်အစီရင်ခံရန် ညွန်ကြားထားကြောင်း ယခုဆန္ဒပြပွဲအား ဦးစီးဦးဆောင်စီစဉ်ခဲ့သည့် မလေးရှားအင်န်ဂျီအိုနှင့် တက်ကြွလှုပ်ရှားသူများအဖွဲ့နှင့် ညွန့်ပေါင်း အဖွဲ့ဖြစ်သည့် Bersih ၏ ဥက္ကဌဖြစ်သူ မာရီယာချင်းအဗ္ဗဒူလက်ရှ်က ပြောသည်။
"ဒါက သက်သက်အချိန်ဖြုန်းနေတာပဲ။ သူတို့က ကျွန်မတို့ကို ခြိမ်းခြောက်လိုတာ။ ဒါပေမယ့် ကျွန်မတို့ ကြောက်လန့်နေမှာမဟုတ်ဘူး။"ဟု မာရီယာကပြောခဲ့သည်။
ဝန်ကြီးချုပ် နာဂျစ်ရာဇက်အား ဘဏ်အကောင့်တွင် ဒေါ်လာ သန်း ၇၀၀ နီးပါးရှိထားသည်ဟု ဝေါစထရိတ်ဂျာနယ်က သတင်းဖော်ပြခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ရာထူးမှ နှုတ်ထွက်ပေးရေး တောင်းဆိုဆန္ဒပြမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Ref: Bangkok Post