ထိုင်းဘုရင့်တပ်မတော်မှဆေး အဖွဲ့ရေဘေးသင့်ပြည်သူများ အားဆေးကုသမှုဆောင်ရွက်နေ

ထိုင်းဘုရင့်တပ်မတော်မှဆေး အဖွဲ့ရေဘေးသင့်ပြည်သူများ အားဆေးကုသမှုဆောင်ရွက်နေ
photo - ဇော်ကြီး (ပဏီတ)

ထိုင်းဘုရင့်တပ်မတော်မှ ဆေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ ပူးတွဲအဖွဲ့သည် ဧရာဝတီတိုင်းရှိ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များဆောင်ရွက်နေပြီဖြစ်သည်။

သြဂုတ် ၃၀ ၌ ဟင်္သာတခရိုင် မဲဇလီကုန်းမြို့နှင့် ထူးကြီးမြို့တို့တွင် ဆေးကုသခဲ့ရာ မဲဇလီကုန်းမြို့ ဗိုလ်အောင်ကျော်ခန်းမတွင် ပြင်ပလူနာ ၃၀၈ ဦး၊ ထူးကြီးမြို့ခန်းမတွင် ပြင်ပလူနာ ၅၃၂ ဦး ပေါင်း ၈၄၀ ကို ဆေးကုသပေးခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာက စက်တင်ဘာ ၁ ရက်တွင် ဖော်ပြသည်။

ထို့ပြင် ခြင်းဆေးဖျန်းခြင်း၊ ရေသန့်စင်ခြင်း လုပ်ငန်းများကို အထက်တန်းကျောင်း နှစ်ကျောင်းနှင့် မူလတန်းကြောင်း လေးကျောင်းတို့တွင်လည်း ဆောင်ရွက်ပေးခဲ့သည်ဟု ဆိုသည်။

ထိုင်းဘုရင့်တပ်မတော်မှ ဆေးအဖွဲ့ကို Major General Parinya Khoonnasee ဦးဆောင်ပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာနန္ဒဝင်းက ကျန်းမာရေးဝန်ထမ်းများကို ဦးဆောင်သည်။

ဧရာဝတီတိုင်း ရေဘေးသင့်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ရန် ထိုင်းဘုရင့် တပ်မတော် ဆေးဝန်ထမ်းအဖွဲ့သည် သြဂုတ် ၂၇ တွင် ဘုရင့်တပ်မတော်လေယာဉ်ဖြင့် မင်္ဂလာဒုံလေဆိပ်မှ တစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိသည်။

ဧရာဝတီတိုင်း ဟင်္သာတခရိုင်ရှိ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ ကြံခင်း၊ အင်္ဂပူ၊ မြန်အောင် မြို့နယ်များအတွင်း အဖွဲ့ နှစ်ဖွဲ့ဖြင့် နေရာ ၁၄ နေရာကို ၇ ရက်ကြာ ကွင်းဆင်း၍ကုသမည်ဟု နိုင်ငံပိုင် သတင်းစာက သြဂုတ် ၂၈ ရက်တွင် ဖော်ပြထားသည်။

သဘာဝရေဘေးသင့် ပြည်သူများအတွက် ထိုင်းအစိုးရမှ ဘတ်ငွေ ၁၈ သန်းနှင့် ပစ္စည်းများ ပေးပို့လှူဒါန်းခြင်း၊ ဆေးဝန်ထမ်းများ စေလွှတ်မှုများအတွက် ကျေးဇူးတင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကထိုင်းဝန်ကြီးချုပ် General Prayut Chan-o-cha နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly