မြောက်ဦးတွင် ရှေးဟောင်းစေတီဘုရားများကို ပြန်ပြုပြင်ရာတွင် စံနှုန်းများနှင့်မညီဟုရှေးဟောင်း ထိန်းသိမ်းရေးအဖွဲ့ ထောက်ပြ

မြောက်ဦးတွင် ရှေးဟောင်းစေတီဘုရားများကို ပြန်ပြုပြင်ရာတွင် စံနှုန်းများနှင့်မညီဟုရှေးဟောင်း ထိန်းသိမ်းရေးအဖွဲ့ ထောက်ပြ

သမိုင်းဝင် မြောက်ဦးမြို့ရှိ ရှေးဟောင်း ဘုရားပုထိုးစေတီများ၊ ရှေးဟောင်းလက်ရာများကို ပြန်လည်ပြုပြင်ရာတွင် ကမ္ဘာ့အမွေအနှစ်များ ထိန်းသိမ်းရေးအဖွဲ့မှ သတ်မှတ်ထားသော စံနှုန်းများနှင့် လွဲနေသည် ဟုသမိုင်းပညာရှင်များနှင့် ဒေသခံများပူးပေါင်း ဖွဲ့စည်းထားသော ရှေးဟောင်းအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဝေဖန် ထောက်ပြလိုက်သည်။

ယင်းပြုပြင်ရေးလုပ်ငန်းများတွင် စောင့်ကြည့်ကြီးကြပ်မည့်သူများ၊ သမိုင်းပညာရှင်များ မပါဝင်ဘဲ ကန်ထရိုက်ပေးကာ ဆောက်လုပ်ရေးသမားများကို လုပ်ခိုင်းထားကြောင်း ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဒုဥက္ကဋ္ဌ ဦးသန်းမြင့်က ပြောကြားသည်။

"နားမလည်တဲ့သူ၊ ကျွမ်းကျင်မှုမရှိတဲ့ ကန်ထရိုက်တွေကို လုပ်ခွင့်ပေးထားတယ်။ ဒါက ရှေးဟောင်းအမွေအနှစ်တွေကို ဖျက်ဆီးရာကျတယ်။ ဒါကို ပညာရှင်တွေကိုယ်တိုင် လုပ်ရမှာဖြစ်ပါတယ်။ ပြုပြင်မှုတွေ စံနှုန်းနဲ့ အားလုံးက လွဲနေတယ်။ တကယ်တော့ ပျက်စီးတာကို ပြင်မယ်ဆိုရင် မပြင်ခင်ကတည်းက ဓါတ်ပုံတွေရိုက်၊ ဘယ်နေရာတွေမှာ ဆိုးရွားနေတယ်၊ ဘယ်နေရာမှာက ပျက်စီးနေတယ်၊ ဒါတွေကို ကာလာတွေနဲ့ ခြယ်ပြီးတော့ မြေပုံလို သဘောမျိုးဆွဲရတယ်။ ပျက်စီးနေတဲ့ အချက်အလက်တွေ အားလုံးပါရမယ်။" ဟု ၎င်းကပြောသည်။

ပြုပြင်နေဆဲကာလမှာလည်း ကမ္ဘာ့အမွေအနှစ်အဖွဲ့ ယူနီစကိုမှ ပညာရှင်များ၊ သေခံပညာရှင်များနှင့် ပြည်တွင်းပြည်ပ ပညာရှင်များ အားလုံးပါဝင်မှသာ အမှားအယွင်းမရှိဘဲ ယခင်လက်ရာအတိုင်း၊ ပုံစံအတိုင်းပြန်ဖြစ်မည်မှန်သော်လည်း ယခုပြုပြင်နေသည့် ရှေးဟောင်းယာဉ်ကျေးမှုဌာနတွင် ပညာရှင်များ မပါဝင်ကြောင်း ဦးသန်းမြင့်က ပြောကြားသည်။

ရှေးဟောင်းအမွေအနှစ်များနှင့် ယာဉ်ကျေးမှုဝန်ကြီးဌာန မြောက်ဦးတာဝန်ခံကမူ လက်ရှိမြောက်ဦးတွင် ဘုရားပုထိုးများ၊ စေတီများကို ရှေးဟောင်းအမွေအနှစ်များနှင့် ယာဉ်ကျေးမှုဝန်ကြီးဌာနက သတ်မှတ် ထားသော စံနှုန်းအတိုင်း ပြုပြင်နေ သည်ဟု ပြောကြားသည်။

ကျောက်တော်မြို့နယ်ရှိ မဟာမြတ်မုနိဘုရား အနီးတဝိုက်နှင့် မြောက်ဦးမြို့နယ်ရှိ ဝေသာလီကျေးရွာအနီးတဝိုက်တွင် တူးဖော်နေသော ရှေးဟောင်း အမွေအနှစ်များမှာလည်း ယခုမိုးရာသီ၌ အမိုးအကာမ ရှိ၍ ရှေးဟောင်းလက်ရာများ ပျက်စီးနေကြောင်း ရှေးဟောင်းအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဦးသန်းမြင့်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly