NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

နေပြည်တော်စည်ပင်ဒုညွှန်မှူး ၂ ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့် စွဲချက်တင်

.

 

မန္တလေး ။                ။ နေပြည်တော်ကောင်စီနယ်မြေ၊ စည်ပင်သာယာရေးကော်မတီ ဒုတိယညွှန်ကြားရေးမှူး(ဌာနမှူး) နှစ်ဦးလုံးကို မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က ၂၀၁၃ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ ဇွန်လ ၁၂ ရက်၊ မွန်းလွဲပိုင်းက စွဲချက်တင်လိုက်ပါတယ်။

နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနက ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးမင်းလွင်စိုးနဲ့ တိရစ္ဆာန်ကုသရေးနှင့် သားသတ်ရုံများဌာနက ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်)   ဒေါက်တာ ခိုင်စိုးလှတို့ဟာ သားသတ်လိုင်စင် ရရှိခဲ့တဲ့သူတွေဖြစ်တဲ့ ဦးမျိုးခက်နဲ့ ဦးဘိုဘိုဟန်တို့ထံကနေ ငွေများ ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်ခဲ့ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ တိုင်ကြားချက်အရ နေပြည်တော် ဇမ္ဗူသီရိ ရဲစခန်းမှာ ၂၀၁၇ခုနှစ်၊အောက်တိုဘာလ ၃၁ ရက်က အမှုဖွင့်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ တရားလွှတ်တော်မှာ ဒေါက်တာခိုင်စိုးလှကို ရာဇဝတ်ကြီးအမှုအမှတ် ၆/၂၀၁၇၊၇/၂၀၁၇ တို့နဲ့အမှုဖွင့်ခဲ့ပြီး ဦးမင်းလွင်စိုးကိုတော့ ရာဇဝတ်ကြီးအမှုအမှတ်၈/၂၀၁၇၊၉/၂၀၁၇တို့နဲ့အမှုဖွင့် စစ်ဆေးခဲ့တာဖြစ်ပြီ ဒီကနေ့မှာစွဲချက်တင်ခဲ့ခြင်းဖြစ်ပါတယ်။

စွဲချက်အတင်ခံထားရသူ ဦးမင်းလွင်စိုးရဲ့ အကျိုးဆောင်ရှေ့တစ်ဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ တော်ဝင်ဦးခင်မောင်သန်းက "ရှင်းရမှာပေါ့နော်။ ကျွန်တော်တို့က ရှင်းမယ်။ ဒါတွေ ဘယ်လိုတိုင်တယ်ဆိုတာ စစ်တဲ့အခါပေါ်လာမှာပါ။ အထူးသဖြင့်တော့ စပိုင်ကင်မရာနှင့် ရိုက်တဲ့ ကင်မရာတွေ၊ တစ်ဆက်တည်း လုပ်တာဟုတ်မဟုတ်၊ ဖြတ်ညှပ်ကပ်လုပ်ထားတာ ဟုတ်မဟုတ်။ လိုချင်တဲ့အပိုင်းလေးတွေကို ယူပြီး ဖြတ်ညှပ်ကပ်လုပ်ထားတာဆိုရင် တရားလိုဘက်က မရိုးသားလို့ပေါ့။ စစ်ဆေးတဲ့အခါမှာတော့ တွေ့လာရမှာပါ"လို့ပြောပါတယ်။

နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနက ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးမင်းလွင်စိုးနဲ့တိရစ္ဆာန်ကုသရေးနှင့် သားသတ်ရုံများဌာနက ဌာနမှူး(ဒုတိယညွှန်ကြားရေးမှူးချုပ်) ဒေါက်တာ ခိုင်စိုးလှတို့ဟာ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၉ရက်မှာ ကျပ် ၁၀သိန်း၊ ဦးဘိုဘိုဟန်ထံက ၂၀၁၇ ခုနှစ် မတ်လမှာ ကျပ်သိန်း ၂၀၊နဲ့ဦးမျိုးခက်ထံက ၂၀၁၇ သြဂုတ်လ ၁၁ ရက်နေ့မှာ ကျပ်ငါးသိန်း၊ ၂၀၁၇ သြဂုတ်လ ၁၉ ရက်နေ့မှာ ကျပ် ၁၀ သိန်း၊ ဦးဘိုဘိုဟန်ထံက ၂၀၁၇ ခုနှစ် မေလဆန်းမှာ ကျပ်သိန်း ၄၀ တို့ကို ရယူခဲ့ခြင်းဖြစ်တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ထုတ်ပြန်ထားချက်အရသိရပါတယ်။