ဒီပဲယင်းမြို့နယ်တွင် ချောင်းရေလျှံပြီး သီးနှံစုံစိုက်ခင်းများ ရေနစ်မြုပ်ပျက်စီး

ဒီပဲယင်းမြို့နယ်တွင် ချောင်းရေလျှံပြီး သီးနှံစုံစိုက်ခင်းများ ရေနစ်မြုပ်ပျက်စီး

 

ရွှေဘို၊ ဇွန်လ ၉ ။              ။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်တွင် ဇွန်လဆန်းပိုင်းက မိုးရွာသွန်းခဲ့သော မိုးကြောင့် ပန်းရန်ပကားချောင်း ချောင်းရေလျှံပြီး သီးနှံစုံစိုက်ခင်းများ ရေနစ်မြူပ်၍ ပျက်စီးဆုံးရှုံမှုများဖြစ်ပေါ်ခဲ့ကြောင်း တောင်သူများက ဆိုသည်။

ယခုလက်ရှိအချိန်သည် စိုက်ပျိုးထားသည့် နွေစပါး၊နွေနှမ်းရိတ်သိမ်းချိန် ဖြစ်ပြီး ရေဝင်ရောက်မှုကြောင့် စပါးခင်းနှင့် နှမ်းခမ်းများ ပိုမိုပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

'' ရေဝင်တာ ၆ ရက်နေ့ ညနေကတည်းက စဝင်တာ။ စပါးခင်းတွေ၊ နှမ်းခင်းတွေ ရေနစ်သွားပြီ။ နှမ်းခင်းတွေဆိုရင် ဘာမှမရတော့ဘူး ။ ပဲတီစိမ်းခင်းတွေလည်း ပျက်တယ်။ ချေးငွေက ဆပ်ရတော့မယ် ။ အခင်းတွေ ရေမြုပ်သွားတဲ့ အခက်ခဲရှိလာတယ်။  သီးနှံပေါ်ပေး ပေးရမှာတွေလည်း ရှိသေးတယ် " ဟု မူးအုန်းကျေးရွာမှတောင်သူ ကိုချစ်စရာက ပြောသည်။

ဇွန်လ လဆန်းပိုင်းက စတင်ရွာသွန်းခဲ့သည့် မိုးကြောင့် ဒီပဲယင်းမြို့နယ်အတွင်းရှိ ပန်းရန်းပကား ချောင်းဘေးရှိ ကျေးရွာ ထန်းတပင်၊အုတ်ရှစ်ကြီး၊မန်းကျည်းအုပ်၊သရက်ကန်၊မူးအန်း စသည့် ချောင်းရိုးတစ်လျောက်က ကျေးရွာ ၁၂ ဝန်းကျင်၏ လယ်ယာမြေဧက ၃၀၀ ကျော်လောက် ရေနစ်မြုပ်နိုင်သည်ဟု တောင်သူများ ခန့်မှန်းပြောဆိုသည်။

ရေနစ်မြှုပ်သည့် လယ်ယာမြေများကို အုပ်စုအုပ်ချုပ်ရေးမှူးက စာရင်းများကောက်ခံနေပြီး သက်ဆိုင်ရာဌာန များကို တင်ပြနေပြီ ဖြစ်သော်လည်း ရေနစ်မြှုပ်စာရင်းကို ကောက်ခံနေဆဲဖြစ်တာကြောင့် အတိအကျ မသိရသေးကြောင်း သိရသည်။

အလားတူ ဇွန်လ ၆ ရက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကနီမြို့နယ်အတွင်း ရေကာတာကျိုးခြင်း၊ မြစ်ကမ်းပါးပြို၍ လူနေအိမ်များပြောင်းရွှေ့ရခြင်း၊ လမ်းတံတားများပျက်စီးခြင်း၊ လူနေအိမ်များအတွင်း ရေဝင်ရောက်ခြင်းများနှင့် သီးနှံစိုက်အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly